နတ်တလင်း၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၆။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ကျေးရွာ ၁ ရွာရှိ PDF ကင်းစခန်းပေါ် ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး PDF တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၁ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၆ ရက်မနက် ၈ နာရီခန့်မှာ ရွာအပြင်ဘက်ရှိ ကင်းစခန်းအဖြစ်ပြုလုပ်ထားတဲ့နေအိမ်ပေါ်ကို စစ်ကော်မရှင်တပ်တွေပစ်ခတ်တဲ့ ဒရုန်းဗုံးတွေကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“ဂေါင်ဆုံး(ပထမဆုံး)အလုံးလာချတဲ့အချက်မှာပဲ ကလေးတွေကိုထိတာ။ ၁ ချက်တည်းနဲ့ အိမ်ပေါ်ကျတာ။ လာချတာကတော့အများကြီးပဲ။ ဂေါင်ဆုံးအလုံးမှာတင် ၆ ယောက်စလုံးကျတာ။ ၁ ချက်တည်း ၁ နေရာတည်းကို အကုန်လုံး ၁ ယောက်မှ အကောင်းမကျန်တာ။ “လို့ သာယာဝတီခရိုင် တပ်ရင်း ၁ တာဝန်ရှိသူကပြောပါတယ်။

ဒရုန်းဗုံးထိမှန်လို့ ကျဆုံးသူတွေဟာ သာယာဝတီခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၄ က အသက် ၂၀ ကနေ ၃၀ ကြားအရွယ်ရှိ နေကြီး၊ ရှိုင်းလေး၊ မဲလုံး၊ ကြွက်နီ၊ မိုးဆက်၊ နောက်တိုးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒရုန်းဗုံးထိမှန်ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စျာပနကို ဖေဖော်ဝါရီ ၇ ရက်မှာပြုလုပ်ခဲ့တယ်လို့သိရပြီး စစ်အာဏာသိမ်း ၅ နှစ်တာကာလမှာ သာယာဝတီခရိုင်တပ်ရင်း ၁ က တပ်ဖွဲ့ဝင် ၁၅ ဦးကျဆုံးထားတယ်လို့ သိရပါတယ်။
အလားတူ ဖေဖော်ဝါရီ ၇ ရက်ည ၁၁ နာရီခွဲမှာလည်း နတ်တလင်းမြို့နယ်၊ သခွတ်ကုန်းကျေးရွာကို စစ်ကော်မရှင်ဘက်က ဒရုန်းနဲ့ဗုံးကြဲရာ နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း