ပွင့်ဖြူမှာ စစ်တပ်က နေအိမ်တွေကိုမီးရှို့ပြီး ဒေသခံ ၁၆ ဦးကိုဖမ်းဆီး

0 25
0 25

ပွင့်ဖြူ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၆။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ညောင်ပင်စောက်ရွာကို စစ်ကော်မရှင်တပ်နဲ့ပျူစောထီးတွေက စစ်ကြောင်းထိုးမီးရှို့ပြီး ဒေသခံ ၁၆ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၁၁ နာရီလောက်မှာ အင်အား ၈၀ ဝန်းကျင်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းက ညောင်ပင်စောက်ရွာက နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“အမျိုးသား၊ အမျိုးသမီး၊ ကလေးကအစ တွေ့တဲ့လူအကုန်လုံးဖမ်းဆီးသွားတာ။ ဘာကြောင့် ဖမ်းဆီးတယ်လို့ မသိရဘူး။ အင်အား ၈၀ လောက်နဲ့ ဝင်ဖမ်းတာ။ ကျောင်းကုန်းကြီးရွာမှာနေတဲ့ ပျူစောထီးနဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ဖမ်းတာ။ တိုက်ပွဲမရှိဘဲနဲ့ ရွာထဲဝင်ပြီးတော့ စစ်ကြောင်းထိုး မီးရှို့သွားတာ။”လို့ ပွင့်ဖြူမြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ညောင်ပင်စောက်ရွာက အသက် ၂၈ နှစ်ကနေ ၄၅ နှစ်ကြားရှိတဲ့ ကိုအောင်ကျော်မြင့်၊ ကိုဖိုးနှောင်း၊ ကိုချစ်လှိုင်၊ ကိုဖိုးဇော်၊ ကိုလတ်၊ ကိုပဲ၊ ကိုချစ်ခိုင်၊ ကိုဘိုဘို၊ ကိုဘိုထွေး၊ ကိုဘိုအေးတို့အပါအဝင် ၁၆ ဦးဖြစ်ပြီး ကျောင်းကုန်းကြီးရွာကိုဖမ်းခေါ်သွားကြတာလို့ ဆိုပါတယ်။

ဖမ်းဆီးခဲ့တဲ့စစ်ကြောင်းဟာ ပွင့်ဖြူဝါတပ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ကျောင်းကုန်းရွာက ပျူစောထီးတွေဖြစ်တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

ညောင်ပင်စောက်ရွာမှာ အိမ်ခြေ ၂၈၀ နဲ့ လူဦးရေ ၈၅၀ ရှိပြီး လက်ရှိမှာဒေသခံတွေကတော့ တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။