စစ်ကိုင်း၊ ဇွန် ၁၇၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး စာသင်နေတဲ့ ကလေးငယ်တွေထိမှန်ကာ တဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၁၆ရက် မနေ့ မနက် ၁၀နာရီခွဲဝန်းကျင်က အဖွဲ့စက်ရွာ စစ်ကောင်စီဂိတ်ကနေ လက်နက်ကြီး ၄လုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကလေးတဦးက ဗိုက်ပွင့်ဒဏ်ရာနဲ့ သေဆုံးခဲ့ကာ ကလေး ၂ ဦးကတော့ ဒဏ်ရာပြင်းထန်ရခဲ့လို့ ဆေးကုသနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့မှာက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖွင့်တယ်၊ ကျောင်းက ကလေး ၃ ယောက်ထိတာ၊ ကလေးတွေက ထိတာ တော်တော်များတယ်၊ အူတွေပါထွက်တယ်”လို့ ကလေးဒေသခံတဦးက ပြောပါတယ်။
လက်နက်ကြီးကျလို့ လူနေအိမ်တလုံး မီးလောင်သွားပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာပြီး လူနေအိမ် ၂ လုံးကို ထပ်မံမီးရှို့ခဲ့သလို ကျန်တဲ့အိမ်တွေကိုလည်း အကုန်ဝင်မွှေသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇွန်လ ၁၅ရက်က သာစည်ရွာနားမှာ စစ်ကောင်စီရဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေတင်လာတဲ့ ကား၂စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့လို့ အခုလို ကျေးရွာကိုမဲပြီး လက်နက်ကြီးနဲ့ပစ်ခတ်ကာ ရွာကို မီးဝင်ရှို့သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ သာစည်ရွာကို ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပြန်ထွက်ခွာချိန်မှာလည်း နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကလေးမြို့ပေါ် အမြောက်တပ်ကနေလည်း ကလေးတောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး နေ့လယ် ၁၁နာရီကနေ ည ၉နာရီအတွင်း လက်နက်ကြီး ၁၃ လုံး ပစ်ခတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ရက်တုန်းကလည်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ထဲကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ၂ လုံးဟာ ရေလဲဦးရွာက စစ်ရှောင်တဲနားကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၀ ဝန်းကျင် အမျိုးသမီးတဦး ဝမ်းဗိုက်ထိမှန် သေဆုံးခဲ့ပါသေးတယ်။
ပုံစာ – သာစည်ရွာ မီးရှို့ခံရတဲ့ပုံနဲ့ ၁၆ရက်က သာစည်ရွာအဝင်မှာ တူးရခဲ့တဲ့ နင်းမိုင်း။
စာတည်း – လင်းဇေ