မန္တလေး၊ ဇွန် ၁၇၊ ၂၀၂၃။
မန္တလေးတိုင်းထဲမှာအခြေစိုက်ထားတဲ့ Bagan Ogre Force(PDF)အဖွဲ့ တပ်ဖွဲ့ဝင်တွေကို မြို့သိမ်းတိုက်ပွဲအတွက် အထူးကွန်မန်ဒိုသင်တန်း ရက် ၁၀၀ စစ်ရေးလေ့ကျင်မှုပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်ဇီးကွက်က ပြောပါတယ်။
Bagan Ogre Force အထူးကွန်မန်ဒိုသင်တန်းသား ၁၅ ဦးကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့(EAO)တခုက သင်တန်းဆရာတွေနဲ့ မတ်လ ၂ ရက်နေ့ ကနေ ဇွန်လ ၁၄ ရက်အထိ လေ့ကျင့်ပေးခဲ့တာလို့ဆိုပါတယ်။

“အဓိက က မြို့ပြ Urban Operation (မြို့ပြစစ်ဆင်ရေး) အတွက်ပါ။ Urban နဲ့ Jungle( တောတွင်း) ကမတူဘူး Urban က အနီးကပ်တိုက်ခိုက်တာ Jungle ထက်လျှင်မြန်ရတယ် ရုပ်ပြောင်း၊ ရုပ်လွှဲ မြန်ရမယ်။ ပြည်သူနဲ့တသားတည်းနေနိုင်ရမယ်။ အဓိကမြို့ပြကိုပြန်သိမ်းဖို့ မြို့ပြစစ်ဆင်ရေးအတွက် သင်တန်းပေးတာပါ ” လို့ ဗိုလ်ဇီးကွက်က မြေလတ်အသံကို ပြောပါတယ်။
အခြေနေအချိန်အခါပေါ်မူတည်ပြီး ရန်သူနဲ့အနီးကပ်တိုက်ခိုက်နည်း ၊ ရန်သူ့စခန်းကိုလျှပ်တပြက်ဝင်ရောက်တိုက်ခိုက်နည်း၊ ဝင်ရောက်ချေမှုန်းနည်းတွေကို ဦးစားပေးသင်ကြားပေးပါတယ်လို့ သူက ဆက်ပြောပါတယ်။

လေ့ကျင့်ရာမှာသက်လုံနဲ့ လျှင်မြန်မှုရှိဖို့အတွက် ပြေးတာ၊ အမြင့်ခုန်တာ၊ အုတ်နံရံတွေကိုခုန်တက်တာ၊ အခန်းတွင်းဝင်ရောက်ရှင်းလင်းတာစတဲ့ မြို့ပြစစ်ဆင်ရေးအတွက် လိုအပ်တဲ့လေ့ကျင့်မှုတွေကို အတွေ့ အကြုံရှိသင်တန်းဆရာတွေကသင်ကြားပေးတာလို့ဆိုပါတယ်။
Bagan Ogre Forceအဖွဲ့နဲ့ ညောင်ဦးခရိုင်တပ်ရင်း ၅ တို့ဟာဒေသခံကာကွယ်ရေးတပ်တွေနဲ့ပေါင်းကာ ဇွန်လ ၄ ရက်က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကဘဲရွာစစ်ကောင်စီကင်းစခန်းကိုတိုက် ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း- ရင်ငြိမ်း