တမူးမြို့နယ်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၂၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက ပန်းသာရွာနဲ့ မင်းသာရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၇ရက် မနက်အစောပိုင်းမှာ ၂ ဖက်ပစ်ခတ်မှုတွေ စတင်ခဲ့တာဖြစ်ပြီး အဆိုပါကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရှမ်းနီအမျိုးသားတပ်မတော်-SNAက တပ်ဖွဲ့ဝင်တွေ၊ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတပ်စွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“မင်းသာဘက်ရော ပန်းသာဘက်ရော ၂ ဖက်ညှပ်တိုက်တာ၊ အထိုင်အရမ်းကောင်းတာ ပန်းသာက၊ မင်းသာက စကစနဲ့ ပျူအထိုင်ရှိတယ်၊ ၂ ဖက် အထိအခိုက်တော့ရှိတယ်၊ ပန်းသာနားက ရွာကိုကြဲတာတော့ ပြည်သူတွေထိတယ်။”လို့ မြေပြင်တပ်ဖွဲ့တွေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက်ကနေ ဒီကနေ့ထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ၂ ဖက် ကျဆုံးမှုတွေလည်း ရှိထားကာ ဖြစ်စဥ်အသေးစိတ်ကိုတော့ တပ်ရင်းတပ်ဖွဲ့တွေဘက်က ရေးသားဖော်ပြခွင့် မပြုသေးပါဘူး။

ပန်းသာရွာဟာ တမူးမြို့ရဲ့ တောင်ဘက် ၆ မိုင်ခွဲခန့်အကွာမှာ တည်ရှိပြီး တမူး- ဟုမ္မလင်း လမ်းပိုင်းမှာရှိတဲ့ မင်းသာရွာကတော့ တမူးမြို့ရဲ့ မြောက်ဘက် ၁၆ မိုင်ခန့် အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။

အဆိုပါ ဇန်နဝါရီ ၂၇ ရက်နေ့ ၁ ရက်ထဲမှာပဲ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ ပြန်စတင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ အင်းတော်ဒေသခံတွေက ဆိုပါတယ်။

အင်းတော်မြို့နယ်မှာ သြဂုတ် ၁၆ ရက်နေ့ထဲက မြို့သိမ်းတိုက်ပွဲတွေ စတင်နေတာဖြစ်ပြီး နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားရွာအဝင် ဂိတ်စခန်း၊ နဘားဘုန်းကြီးကျောင်းက စစ်ကောင်စီစခန်းနဲ့ ရဲစခန်းတို့ကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

တမူးမြို့နယ်ဟာ အိန္ဒိယနယ်စပ်မြို့ဖြစ်တာကြောင့် ကုန်သွယ်ရေးအချက်အချာကျတဲ့ မြို့တခုဖြစ်ပြီး အင်းတော်မြို့နယ်ဟာ ကချင်ပြည်နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေသလို မန္တလေး-မြစ်ကြီးနား ကားလမ်းမပေါ်မှာ တည်ရှိတာကြောင့် လမ်းပိုင်းအရ အချက်အချာကျလှတဲ့ မြို့နယ်တခု ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။