ဇောင်းတူရေအားလျှပ်စစ်စီမံကိန်းအနီးက ရဲစခန်းတိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်း

0 1
0 1

ပဲခူး၊ ဇန်နဝါရီ ၂၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာအုပ်စု၊ တိုက်ကြီးကျေးရွာရှိ ဇောင်းတူရေအားလျှပ် စစ်စီမံကိန်းအနီးက တိုက်ကြီးကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေဆုံးကာ သေနတ် ၁ လက်ရခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်မနက် ၃ နာရီကျော်ခန့်မှာ အင်အား ၃၀ ကျော်ခန့်ရှိနေတဲ့ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ ရဲစခန်းအရှေ့ကုန်းအောက်ရှိ ကင်းအဖွဲ့နဲ့ ကနဦးထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် ရဲစခန်းကုန်းဘန်ကာတွေအနီးထိ ရောက်ရှိခဲ့ပြီးမှ ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ရဲကင်းက အရှေ့မှာ ၁ မိုင်နီးပါးလောက်မှာဖြစ်ပြီးတော့ ရှေ့ကိုထပ်တိုးတိုက်တာ။ ဒီဘက်ကအသံကြားတာနဲ့ ရဲစခန်းမှာ မနေတော့ဘဲနဲ့ ကုန်းအောက်ကပြည်သူတွေနေအိမ်ကြားမှာ တိုက်ခံအိမ်တွေမှာသွားနေနေတာ။ ကျနော်တို့ရဲစခန်းနားရောက်တော့ လက်နက်တွေချခိုင်းနေတာ သူတို့ကမရှိနေဘူး။ တိုက်ပွဲကတော့ တနာရီကျော်ကြာတယ်။” လို့ တိုက်ပွဲမှာပါဝင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိတဦးကပြောပါတယ်။

ရဲစခန်းဘန်ကာအနီးရောက်ရှိချိန်မှာ မိုးလင်းနေပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က စစ်ကူလာနေတာကို သတင်းရတာကြောင့် ပြန်ဆုတ်လာခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ ရဲ ၁ ဦးသေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ရပြီး သေနတ် ၁ လက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒီမနက် ၁၀ နာရီခန့်မှာတော့ တိုက်ကြီးကျေးရွာရဲစခန်းဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

တိုက်ကြီးကျေးရွာရဲစခန်းဟာ ဇောင်းတူရေအားလျှပ်စစ်စီမံကိန်းအတွက် လုံခြုံရေးစောင့်ဖို့ ထားရှိထားတဲ့ ရဲကင်းစခန်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ တိုက်ကြီးကျေးရွာက ဒေသခံအချို့ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့ကတော့ ကျေးရွာထဲမှာပင်ပုန်းအောင်းနေထိုင်ကာ အခြေအနေကို စောင့်ကြည့်နေကြတာကြောင့် ထွက်ပြေးလူဦးရေစာရင်းကို စိစစ်ဖို့မရနိုင်သေးဘူးလို့ ဆိုပါတယ်။

၂၀၂၄ အောက်တိုဘာ ၃၁ ရက်ကလည်း ပဲခူးမြို့နယ်၊ ချောင်းဖျား ရွှေလောင်းရေလှောင်တမံ အနီး စစ်ကြောင်းဝင်လာတဲ့ စစ်ကောင်စီအဖွဲ့တိုက်ခိုက်ခံရတာကြောင့် ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။