တန့်ဆည်၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကော်တက်ကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရပြီးနေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ ကျေးရွာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက်ညနေ ၃ နာရီကျော်မှာ စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာ ၁ စီးဟာ ကျေးရွာထဲကို ပေါင် ၂၀၀ လို့ယူဆရတဲ့ ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။


“ရွာထဲက အိမ်ဝန်းထဲကိုကျတာပေါ့။ ဘေးက ကပ်လျက်အိမ်တွေလည်း ပျက်စီးတယ်။ ဗုံးက ၃ အိမ်ကြားကို ကျတာဆိုတော့ ဘယ်ညာညှပ်ထားတဲ့ ၂ အိမ်ကိုသွားထိတာမှာ မင်္ဂလာဆောင်လာဖိတ်တဲ့ အမျိုးသမီး ၂ ဦးထိတာ။”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဗုံးလာကြဲချိန် ကျေးရွာအနီးဝန်းကျင်တိုက်ပွဲဖြစ်နေတာမရှိဘဲ ရွာကို ၃ ပတ်လောက်ပတ်ပြီးမှ ကြဲချသွားတာဖြစ်ပြီး ဗုံးပေါက်ကွဲစထိမှန်တဲ့အတွက် အသက် ၃၀ အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၃ လုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၃ ရက်ကလည်း တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကျေးရွာအတွင်း ဓာတ်တိုင်နဲ့နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း