ရေတာရှည်မှာ စစ်တပ်အတွက် ငွေကောက်ပေးသူ ၁ ဦးပစ်သတ်ခံရ

0 15
0 15

ရေတာရှည်၊ဖေဖော်ဝါရီ ၃၊ ၂၀၂၆။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ တုန်းကြီးကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ပတ်သက်သူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပစ်ခတ်ခဲ့တဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ပစ်သတ်ခံရသူဟာ ဥယျာဥ်မှူးကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ကိုမင်းမင်းဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်မနက် ၁၀ နာရီခန့်မှာပစ်ခတ်ရာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“သူတပည့်တွေကို အရင်ထိန်းသိမ်းထားပြီးတော့ ၃၀ ရက်နေ့ကတည်းကခေါ်တယ် လာပြီးရှင်းပေးဖို့။ ဆေးရောင်းတာ၊ ခေါင်းပေါင်းကြေး(ရဲမှူး၊ စီမံဗိုလ်မှူး)ကောက်တာ၊ လောင်းကစားဖဲဝိုင်းလုပ်တာ မလုပ်ဖို့ တားဖို့ခေါ်တာ မလာဘူး။ ၃၁ ရက်နေ့ခေါ်တာလည်း မလာဘူး။ အောက်ရောက်မှပဲ တွေ့မယ်။ အောက်ကိုဆင်းခဲ့လိုက်ဆိုတော့ ကျနော်တို့ဆင်းလိုက်သွားတယ်။ သူကိုရွာရောက်တော့ ခေါ်မှလာတယ်။ ထောင်ဖမ်းတော့ အဖမ်းမခံဘဲ ထွက်ပြေးတာ။ ပြန်ခုခံပြီးထွက်ပြေးတော့ ပစ်လိုက်ရတာ”လို့ ပစ်ခတ်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်ခံရလို့ ကိုမင်းမင်းမှာနေရာတင်သေဆုံးခဲ့ပြီး အလောင်းကိုတော့ သူ့မိသားစုတွေက ကောက်ယူသွားပြီး ဖမ်းဆီးထားတဲ့ ကိုမင်းမင်းရဲ့ တပည့်ဖြစ်သူ သိုင်းဝကျေးရွာနေ ဇော်ထက်၊ ဥယျာဥ်မှူးကျေးရွာနေ ဇင်ကိုဝင်းပါ ၃ ဦးကိုတော့ ကား ၁ စီးနဲ့အတူ သတိပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

သေဆုံးသူ ကိုမင်းမင်းဟာ ရေတာရှည်မြို့နယ်စီမံ ဗိုလ်မှူး သန့်စင်အောင်၊ ရဲမှူးတို့ အတွက် ရိုးမထဲကထွက်လာတဲ့ သစ်ကားတွေမှာ ဆက်ကြေးကောက်ပေးတာ၊ ပေါ်တာဆွဲရာမှ ပူးပေါင်းပါဝင်တာ၊ လောင်းကစားဝိုင်းထောင်တာ၊ မူးယစ်ဆေးဝါးဖြန့်ချီရောင်းချတာတွေကြောင့် ဖမ်းဆီးဖို့ ကြိုးစားခဲ့ရတာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၂ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး ဦးလှသောင်းဆိုသူ နေအိမ်ထဲပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။