ကပစ ၁၈ က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

0 23
0 23

တောင်တွင်းကြီး၊ ဇန်နဝါရီ ၃၁၊ ၂၀၂၅။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းဂိတ်အနီးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် -ပုဏ္ဏဝတီ (တောင်တွင်းကြီး) အဖွဲ့ဆီက သိရပါတယ်။

ထောက်ကြံ့ကွင်းဂိတ်ကနေ ပျဥ်းချောင်းရွာကို စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးလိုက်ပါလာတဲ့ Mark 2 ကားကို ဇန်နဝါရီ ၂၉ ရက်ညနေ ၅ နာရီမှာ စတင်တိုက်ခိုက်ပြီး ပစ်ခတ်ချိန် ၁၅ မိနစ်ကြာခဲ့တယ်လို့ ဆိုပါတယ်။

“ပျဉ်းချောင်းရွာမှာ တပ်စွဲထားတဲ့ ဗိုလ်ကြီးသက်ထွန်း ဦးဆောင်တဲ့ ကား ၁ စီက ပျဉ်းချောင်းရွာနဲ့ ထောက်ကြံ့ကွင်းဂိတ်ကို အကူးအသန်းလုပ်တာ၊ ထောက်ကြံ့ကွင်းဂိတ်ကနေ ပြန်လာတာမှာ ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တာ၊ ကားပေါ်မှာ ၆ ဦးပါတယ်၊ မောင်းတာက ‌ဗိုလ်ကြီးသက်ထွန်း ကိုယ်တိုင်မောင်းတာ၊ ထိခိုက်သေဆုံးမှုကတော့ တပ်တွင်းက အတွင်းဖရဲသီး(သတင်းပေး)ရှိတယ်။” လို့ ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း အသက် ၂၅ နှစ်အရွယ် စစ်ကော်မရှင်တပ်သား ၃ ဦးသေဆုံးပြီး ဗိုလ်ကြီးသက်ထွန်းအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ တိုက်ခိုက်ပြီးနောက် ညနေ ၅ နာရီခွဲမှာ ထိခိုက်သေဆုံးသူတွေကို လာသယ်ပြီး လက်ရှိ မကွေးမြို့ စစ်ဆေးရုံမှာဆေးကုသနေတယ်လို့ သိရကြောင်းသူက ပြောပါတယ်။

အဲ့ဒီစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ တောင်တွင်းကြီးအခြေစိုက် အမှတ် ၁၈ ကာကွယ်ရေးပစ္စည်းစက်ရုံက ဖြစ်ပြီး ပျဥ်းချောင်းရွာမှာတပ်စွဲနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မကွေးပြောက်ကျားတပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ကလည်း နေပြည်တော်-တောင်တွင်းကြီးရထားလမ်းဘေး ကုလားမရွာလမ်း ပေါက်ကနေ ပျဥ်းချောင်းရွာကို ဆိုင်ကယ် ၃ စီးနဲ့ ပြန်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး) ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့ ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။