ပုလဲနယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိဟုဆို

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက စစ်ကောင်စီစစ်ကြောင်းကို ဇွန်လ ၁၄ ဒီနေ့မနက် ၇ နာရီလောက်က စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ABSDF စစ်ကြောင်း ၃၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်။

ရန်ကုန်အခြေစိုက် ခလရ ၇၀၄ တပ်ကစစ်သားနဲ့ ပျူစောထီးအပါ အင်အား ၇၀ လောက်ရှိတဲ့စစ်ကြောင်းကို ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာနဲ့ ဇီးဖြူကုန်းရွာကြားမှာ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“စစ်ကြောင်းက ပျူစောထီးရွာတွေအတွက်ကို ရိက္ခာစုပေးဖို့ဆိုပြီးတေ့ာ စစ်ကြောင်းထိုးတာပါ။ အဲဒီမှာအပြန်အလှန်ပစ်ခတ်ရင်း စစ်ကြောင်းက မိုင်းကွင်းထဲဝင်လာလို့ မိုင်းဆွဲလိုက်တာပါ။ တိုက်ပွဲပြီးတော့ ဇီးဖြူကုန်းရွာထဲကို သေတဲ့သူတွေသယ် ပြန်ဝင်သွားပြီး ရွာထဲရောက်တော့ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ကိုပြန်ပစ်နေတယ်” လို့ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

ဇွန်လ ၁၃ ရက် မနေ့ကလည်း အဲဒီစစ်ကြောင်းဟာ မင်းတိုင်ပင်ရွာရဲ့ အနောက်ဖက်မှာရှိတဲ့ ဦးနှောက်ရွာက ရွာသားတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ ဆိုလာပြား၊ အင်ဗာတာတို့ကိုပါ လုယူသွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇီးဖြူကုန်းရွာကနေ စတင်ထွက်ခွာလာချိန်က အင်အား ၁၂၀ ဦးလောက်ပါပြီး စစ်သားနဲ့ပျူတချို့ အခြားရွာဘက်ကို ဖြန့်ဆင်းသွားလို့ တိုက်ခိုက်မှုဖြစ်ပွားချိန်အင်အား ၇၀ လောက်ပဲပါလာခဲ့တာလို့ ဆိုပါတယ်။

စစ်ကြောင်းတိုက်ခိုက်ခံရတဲ့အတွက် စစ်သားနဲ့ပျူစောထီးအဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုချက် မရသေးပါဘူး။

အဲဒီတိုက်ခိုက်မှုကို ABSDF စစ်ကြောင်း ၃ နဲ့ ပုလဲမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ် အနောက်ဘက်မှာ ပျူစောထီးအားကောင်းတဲ့ အင်မထီးရွာနဲ့ ဇီးဖြူကုန်းရွာရှိပြီး စစ်ကောင်စီက အခိုင်အမာတပ်စွဲထားတဲ့ကျေးရွာတွေ ဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီလ ၉ ရက်ကလည်း အင်မထီးရွာပျူစောထီးစခန်းကို Taung Latt People’s Defense Force – TLF PDF(Yso)၊ ​အညာဒေါင်း (မြိုင်)၊ သိန်းငှက်နီ (မြိုင်)၊ M7 People’s Defense Force စတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ၁၀ ဖွဲ့ကျော်ပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးတွေနဲ့ အချိန် ၁ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။