ဆားတောင်မြို့က သာဇင်ကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့ပြီး ဒေသခံတွေကို ဖမ်းဆီးသွား

0 0
0 0

စစ်ကိုင်း၊ ဇွန် ၁၄၊ ၂၀၂၃။

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ထဲက သာဇင်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၁၃ ရက် မနက် ၉ နာရီကျော်မှာ ဝင်ရောက်မီးရှို့ပြီး ဒေသခံ အမျိုးသားတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ PDF ရဲဘော်တဦး က ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သာဇင်ကျေးရွာက လူနေအိမ်တွေကို မီးရှို့ပြီးနောက် ဘောက်သောက်က ၃ ဦး၊ လင်းယဥ်ကုန်းက ၄ ဦး စုစုပေါင်းအမျိုးသား ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ စစ်ကိုင်း PDFမှ ရဲဘော်တဦးက ပြောပါတယ်။

“သာဇင်က အမျိုးသားတွေကိုလည်း ဖမ်းသွားတယ်။ ဘယ်နှစ်ယောက်ဆိုတာကို မသိရသေးဘူး။ ဘောက်သောက်နဲ့ လင်းယဥ်ကုန်းရွာ က ခုနှစ်ယောက်ကတော့ အတိကျပဲ။ သူတို့က ဒီနေ့အထိ ပြန်မလွတ်လာကြသေးဘူး” လို့ သူကဆိုပါတယ်။

သာဇင်ကျေးရွာမှာ ဆားတောင်မြို့နဲ့ ၁ မိုင်ခန့်ဝေးပြီး အိမ်ခြေ ၁၀၀၀ ခန့် ရှိကာ စစ်ကောင်စီတပ်သားတွေက ရွာရဲ့ အနောက်တောင်ဘက်ကနေ စတင်မီးရှို့တာဖြစ်သလို လူနေအိမ် ဘယ်နှစ်လုံး မီးလောင်ပျက်စီးသွားသလဲ ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ အထက်ပါရဲဘော် က ပြောပါတယ်။

အဲဒီကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို ဖမ်းဆီးသွားတဲ့စစ်ကြောင်းဟာ ဇွန်လ ၁၄ ရက်ဒီနေ့မှာတော့ အိုင်းတမကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဇွန်လ ၁၂ ရက်ကလည်း ပဒူရွာ၊ ရေတွင်းကောင်း၊ မုံညို့၊ အောင်မြေ၊ ကြခတ်၊ စမွန်း၊ ရုံးပင်၊ ဘောက်သောက်၊ လင်းယဉ်ကုန်း စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက် မွှေနှောက်ရှာဖွေခဲ့ပြီးနောက် ဇွန်လ ၁၃ ရက်မှာ သာဇင်ကျေးရွာကို အခုလို ဝင်ရောက်မီးရှို့သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – 007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။