အမျိုးသမီးတဦးကို အဓမ္မပြု သတ်ဖြတ်လုယက်ခဲ့သူတွေ သေဒဏ်နဲ့နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

0 18
0 18

မြေလတ်အသံ၊ ဇန်နဝါရီ ၃၀၊ ၂၀၂၆။

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်အတွင်းမှာ အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ပြီးပစ္စည်းလုယက်သူတွေကို သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ ဇန်နဝါရီ ၂၉ ရက် ယမန်နေ့ညမှာ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ဥတ္တရသီရိမြို့နယ်နေ အသက် ၂၃ နှစ်အရွယ် မအိအိငြိမ်း ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြတဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ သိန်းဇော်(ခ) ကိုသိန်း ၄၃ နှစ်နဲ့ သောင်းဝင်းအောင် (ခ)ချစ်ဖူး တို့ဖြစ်ပြီး ၎င်းတို့ကို ဥတ္တရသီရိခရိုင်တရားရုံးက လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းလုယက်မှုတွေအပါအဝင် ရာဇသတ်ကြီးပုဒ်မ ၅ ခုနဲ့ မသေမချင်းကြိုးကွင်းစွပ်သတ်စေရန်(သေဒဏ်)၊ ထောင်ဒဏ် ၇၀ နှစ်တို့ကို သီးခြားစီ ကျခံစေရန် ချမှတ်ခဲ့တာပါ။

ဒါ့အပြင် လုယက်လာတဲ့ပစ္စည်းတွေကို ဖျောက်ဖျက်ရာမှာပူးပေါင်းပါဝင်တဲ့အမျိုးသား ၃ ဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၃ နှစ်၊ ထောင်ဒဏ် ၆ လ တို့ သီးခြားစီကျခံစေရန်ဆိုကာ အမိန့်ချမှတ်ခဲ့တာပါ။

၂၀၂၅ ဩဂုတ် ၃၀ ရက် နေ့လယ် ၁ နာရီခန့်မှာ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ နေအိမ်ကနေ အသက် ၂၃ နှစ်အရွယ် မအိအိငြိမ်း ဟာ တဦးတည်းဆိုင်ကယ်စီးနင်းထွက်ခွာသွားပြီးနောက် ညနေ ၆ နာရီခွဲခန့်မှာ ၎င်းကို ငန်းစပ်ကျေးရွာ သားသတ်ရုံအနီးချုံတောအတွင်း ဒဏ်ရာတွေနဲ့သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အခင်းဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျူးလွန်သူ ၂ ဦးနဲ့ပူးပေါင်းပါဝင်သူ ၃ ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂ ရက် မှာဖမ်းဆီးနိုင်ခဲ့ပြီးနောက် ဥတ္တရသီရိတရားရုံးမှာ တရားစွဲတင်ခဲ့ပြီးနောက် ၅ လအကြာမှာ အခုလို ပြစ်ဒဏ်တွေချမှတ်ခဲ့တာပါ။

ဖမ်းဆီးခံရသူတွေရဲ့ထွက်ဆိုချက်တွေအရ သိန်းဇော် နဲ့ သောင်းဝင်းအောင်တို့ ၂ ဦးဟာ အခင်းဖြစ်နေ့မှာ အရက်သေစာသောက်စားနေပြီး မအိအိငြိမ်း တဦးတည်းဆိုင်ကယ်စီးနင်းလာတာကိုတွေ့ရှိတာကြောင့် တားဆီးကာဝိုင်းဝန်းအဓမ္မပြုကျင့်စဥ် ရုန်းကန်ထွက်ပြေးတာကြောင့် သစ်သားတုတ်နဲ့ လည်းပင်းနဲ့ဦးခေါင်းကို ၈ ချက်ရိုက်နှက်ခဲ့ရာ မအိအိငြိမ်း သေဆုံးသွားခဲ့ပြီး ၎င်းထံက ရွှေထည်တွေနဲ့ ဆိုင်ကယ်ကို လုယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။