ကန့်ဘလူနယ်က ကျေးရွာတွေကို စစ်ကောင်စီမီးရှို့လို့ ဒေသခံ ၁၀၀၀၀ ကျော် ပြေးနေရ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ထဲက တနယ်ကြီး၊ ဘိုတဲကုန်းနဲ့ပေကုန်းရွာတွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့နေလို့ ဒေသခံ ၁၀၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဇွန်လ ၁၂ ရက် မနက် ၇ နာရီခန့်မှာ ပေကုန်းရွာက ထွက်လာတဲ့ ခမရ ၃၆၁နဲ့ ပျူစောထီးစုပေါင်းအင်အား ၁၄၀ ခန့်ဟာ တနယ်ကြီးရွာအနီးကို ရောက်လာပြီး စစ်ရှောင်တဲတိုက်တွေကို မီးရှို့နေလို့ စစ်ဘေးရှောင်တွေ ထပ်မံထွက်ပြေးနေရပြီး တဲတွေ မီးလောင်မှုအရေအတွက်ကို မသိရသေးဘူးလို့ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။

“စကစ စစ်ကြောင်းက ၃ ရက်ဆက်ထိုးပြီး မီးရှို့နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်။ ခုက မိုးတွင်းကာလလည်းဖြစ်တော့ ပြေးရတာကိုက အခက်ခဲပေါင်းစုံ။ နေတဲ့နေရာ​ရောက်ပြန်တော့လည်း အမိုးအကာမရှိ၊ စားသောက်စရာတွေက အရန်သင့်ပါမလာဆို့တော့ စားဝတ်နေထိုင်ရေးအတွက်က အခက်ခဲဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာ ထန်းကုန်းရွာကနေ ထွက်လာတဲ့ စစ်ကောင်စီ၊ ပျူအင်အား ၁၀၀ လောက်ဟာ ဘိုတဲကုန်းရွာကိုဝင်ပြီး မီးရှို့လို့ နေအိမ် ၂၀ လုံးပျက်စီးခဲ့ပါတယ်။

ဇွန်လ ၁၁ ရက် မနက်ပိုင်းကလည်း ချပ်သင်းတိုက်နယ်အတွင်းရှိ ဇင်းအထိုင်မှထွက်လာတဲ့ ခမရ ၃၆၁နဲ့ ပျူစောထီးစုပေါင်းအင်အား ၁၄၀ ခန့်ဟာ ပေကုန်းရွာကို ရောက်လာပြီး မီးရှို့လို့ နေအိမ် ၂၈ လုံးနဲ့ စပါးကျီ ၁၅ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးပြီး မီးရှို့နေလို့ ပေကုန်း၊ တနယ်ကြီး၊ ဘိုတဲကုန်းအပါအဝင် နီးစပ်ရာ ကျေးရွာ ၇ ရွာခန့်က ဒေသခံ ၁၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ပြေးနေရပြီး ကျေးရွာတွေဟာ လူဦးရေအများအပြားရှိတဲ့ ရွာကြီးတွေဖြစ်ပြီး ရွာငယ်လေးများပင် တရွာကိုအိမ်ခြေ ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာချိန် ထွက်ပြေးနေရပြီး စစ်ကြောင်းပြန်သွားချိန် အခြေအနေအေးပါက ကျေးရွာအတွင်း ပြန်လည်နေထိုင်တာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

မေလ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ စစ်ကောင်စီတပ်ဘက်က ကန့်ဘလူမြို့နယ်၊ ဖုတ်ကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ထားလို့ နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံတွေဟာ ရွာထဲမှာ နေထိုင်ခြင်းမရှိဘဲ ထွက်ပြေးနေရလို့ ရွာထဲမှာ ဒေသခံတွေ မရှိဘူးလို့ သိရပါတယ်။

ပုံစာ – ဇွန်လ ၁၀ ရက်က ဘိုတဲကုန်းရွာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရစဉ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။