ကျောက်ကြီးထွေအုပ်ရုံးနဲ့ မြို့နယ်ရဲစခန်း ဒရုန်းဗုံးချခံရပြီး ထိခိုက်သေဆုံးသူတွေရှိ

0 1
0 1

ပဲခူး၊ ဇွန် ၉၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ရှိ ကျောက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့နယ်ရဲစခန်း ဒရုန်းဗုံးချခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ သိရပါတယ်။

ဇွန်လ ၉ ရက် မနက် ၁၀ နာရီခန့်မှာ အထွေထွေအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမမှာ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာဦးစီးတွေ အစည်းအဝေးလုပ်ချိန် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့သလို ၁၀ နာရီ မိနစ် ၂၀ ခန့်မှာလည်း မြို့မရဲစခန်းကို PDF ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ PDF တဦးကပြောပါတယ်။

“ထွေအုပ်ရုံးမှာ သူတို့ အစည်းဝေးလုပ်မှာသိလို့ ဗုံးချခဲ့တယ်။ ဘယ်လိုသိလဲဆိုတာကတော့ သူတို့ဌာနဆိုင်ရာတွေထဲမှာ ဖရဲသီးတွေရှိနေတာလေ။ ကျနော်တို့လုပ်မယ့် မစ်ရှင်တွေအတွက်က သူတို့ထဲကလူတွေ သတင်းပေးလို့ လုပ်ရတာများပါတယ်။ ထွေအုပ်ရုံးမှာတော့ ထိခိုက်သေဆုံးရှိတယ်လို့ သိရတယ်။ ရဲစခန်းမှာ တော့ အထိအခိုက်မသိရဘူး”လို့ သူက ပြောပါတယ်။

ကနဦးသိရှိချက်အရ ထွေအုပ်ဝန်ထမ်း ၂ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သိထားရပြီး အစည်းအဝေးလုပ်ချိန်ဖြစ်လို့ ထိခိုက်သေဆုံး ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ရဲစခန်းနဲ့ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးချိန်မှာတော့ စစ်ကောင်စီဘက်က ဒရုန်းကို လိုက်လံပစ်ခတ်တာနဲ့ သေနတ်ပစ်ဖောက်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်မှာတော့ ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်ချိန် ဒရုန်းနဲ့ဗုံးချလို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဆိုသူ သေဆုံးပြီး၊ မြို့နယ်မီးသတ်ဦးစီးမှုးဒဏ်ရာရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရနဲ့ ထွေအုပ်ဝန်ထမ်းတဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြို့နယ်ရဲစခန်းတိုက်ခိုက်ခံရမှုမှာတော့ ရဲမိသားစုဝင်တဦး ဒဏ်ရာရသွားတယ်လို့ ဖော်ပြထားကြပါတယ်။

ဒရုန်းဗုံးကျလို့ သေဆုံးထိခိုက်သွားတဲ့သူတွေကိုတော့ စစ်ကောင်စီအဖွဲ့က ကျောက်ကြီးမြိုနယ်ပြည်သူ့ဆေးရုံကို ပို့ထားတယ်လို့ ဆိုပါတယ်။

ဇွန်လ ၆ ရက် မနက်အစောပိုင်းကလည်း ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းရဲစခန်းအပါအဝင် စစ်ကောင်စီ တပ်စွဲထားတဲ့နေရာ ၅ ခုကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနဲ့ရဲ ၃၀ ဦး ထက်မနည်း သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။