myaelatt athan

Sharing Information to the Local

လေကြောင်းအန္တရာယ်နဲ့ ငလျင်ဘေးသင့်ကာလဖြစ်လို့ လူစုလူဝေးနဲ့ပျော်ပွဲရွှင်ပွဲတွေမလုပ်ကြဖို့ မြိုင်ပကဖ သတိပေး

0 0
0 0

မြေလတ်အသံ၊ မတ် ၃၁၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ သင်္ကြန်နှစ်ကူးကာလအတွင်း လူစုလူဝေးနဲ့ အသံချဲ့စက် Bluetooth box ဖွင့်တာ၊ မဏ္ဍပ်ထိုးပျော်ပါးတာတွေ အပါအဝင် ပျော်ပွဲရွှင်ပွဲတွေမပြုလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မြိုင်က မတ် ၃၀ ရက် မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။

မြိုင်မြို့နယ်အတွင်း လူစုလူဝေးပြုလုပ်တဲ့နေရာတွေကို စစ်ကောင်စီက အသွင်အမျိုးမျိုးယူကာ သတင်းရယူနေတဲ့အပြင် လေကြောင်းကင်းထောက်ယာဥ်တွေနဲ့ ထောက်လှမ်းတာတွေလုပ်ဆောင်ပြီး ပစ်မှတ်ထားတိုက်ခိုက်နေလို့ အခုလို တားမြစ်ထုတ်ပြန်တာလို့ ဆိုပါတယ်။

“ မြိုင်မြို့နယ်အတွင်းနဲ့ပေါက်မြိုင်အစပ်တွေမှာ အခုလပိုင်းထဲတင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ကျော် ၃၀ နားရှိမယ်”လို့ မြို့နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီက လူစုလူဝေးပြုလုပ်တဲ့နေရာတွေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ စျေးနဲ့ခရီးအသွားအလာများတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် လေကြောင်းအန္တရာယ်စိုးရိမ်ရတဲ့နေရာတွေကနေ ဘေးလွတ်ရာကို ရှောင်ရှားနေထိုင်ကြဖို့နဲ့ ကတုတ်ကျင်းတွေတူးထားကြဖို့လည်း မြို့ နယ်တာဝန်ရှိသူတွေက ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ယခုကာလမှာ မတ် ၂၈ ရက်က လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတဝန်း အသက်အိုးအိမ်စည်းစိမ်တွေ များစွာပျက်စီး ဆုံးရှုံးခဲ့ရလို့ ပူဆွေးသောကရောက်ရှိနေချိန်လည်းဖြစ်တာကြောင့် အခြေအနေအရပ်ရပ်ကို ထောက်ရှုကာ ထုတ်ပြန်တားမြစ်ခဲ့တာလို့ ဖော်ပြပါတယ်။

သတိပေးထုတ်ပြန်တာကို မလိုက်နာဘဲ ပျော်ပွဲရွှင်ပွဲတွေလုပ်ဆောင်ပါက ဦးဆောင်ပြုလုပ်သူနဲ့အပေါင်းအပါတွေကို လူပုဂ္ဂိုလ်အဆင့်အတန်းခွဲခြားခြင်းမရှိပဲ ပြင်းပြင်းထန်ထန်အပြစ်ပေး အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

မြိုင်မြို့နယ်အတွင်းက ဇုန်တိုက်နယ်ကျေးရွာအသီးသီးမှတာဝန်ရှိသူတွေအနေနဲ့လည်း ပျော်ပွဲရွှင်ပွဲလူစုလူဝေးကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ မဖြစ်ပေါ်လာစေဖို့ နှစ်သစ်ကူးကာလမတိုင်ခင်အမှာ ကြိုတင်အသိပေးတားမြစ်ကြဖို့ ထပ်ဆင့်ဖော်ပြထားပါတယ်။

ပုံစာ – ဖေဖော်ဝါရီ ၂၅ ရက်က မြိုင်နဲ့ပေါက်မြို့နယ်အစပ် ဆုံကုန်းကျေးရွာဘုန်းကြီးကျောင်းမှာ ပြုလုပ်နေတဲ့ PDF ရဲဘော်မင်္ဂလာဆောင်ကို စစ်ကောင်စီတပ်ရဲ့ ပေါင် ၅၀၀ ဗုံးနဲ့ လေယာဥ်ဗုံးကြဲချတိုက်ခိုက်ခံခဲ့ရစဥ်။

သတင်း – ဟယ်သာ၊ စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။