myaelatt athan

Sharing Information to the Local

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ တန်းစီနေတဲ့ကားတွေကို စစ်ကားကဝင်တိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီး ၅ ဦးအပါ ၈ ဦးဒဏ်ရာပြင်းထန်

■ ယာဥ်တိုက်မှုကြောင့် စစ်ဆေးရေးဂိတ်အနီး နှစ်ဖက်သွားလာမယ့်ကားတွေ ပိတ်ဆို့နေ

ဝေါ၊ မတ် ၃၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာတန်းစီကားတွေကို စစ်တပ်ကားကဝင်တိုက်ပြီး တိမ်းမှောက်လို့ ၈ ဦးဒဏ်ရာရတယ်လို့ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

မတ် ၃၁ ရက် ဒီကနေ့မနက် ၁၀ နာရီခန့်မှာ ရန်ကုန်-မော်လမြိုင်ကားလမ်းအတိုင်း ဝေါဘက်ကနေ မွန်ပြည်နယ်ဘက်ကို မောင်းနှင်လာတဲ့ စစ်တပ်ကားက ညောင်ခါးရှည်ဂိတ်မှာ တန်းစီနေတဲ့ ခရီးသည်တင် ပရိုဘောက်ကား ၁ စီး၊ ကုန်တင် ၁၂ ဘီးကား ၂ စီးတို့ကို ဝင်တိုက်ပြီးတိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

” ကားက နေပြည်တော် တပ်မတော်နေ့အခမ်းအနားပြီးလို့ပြန်လာတဲ့ စစ်မေတွေလိုက်ပါလာတဲ့ကား။ ရပ်ထားတဲ့ကားတွေကို အရှိန်နဲ့ဝင်တိုက်ပြီး တိမ်းမှောက်သွားတာ “လို့ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် စစ်တပ်ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်အမျိုးသမီး ၅ ဦးနဲ့ ယာဥ်မောင်းတပ်သား ၁ ဦး၊ ပရိုဘောက်ယာဥ်ပေါ်က မော်လမြိုင်မြို့နေ အသက် ၃၀ ကျော်အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦး ပြင်းထန်ဒဏ်ရာရရှိသွားပြီး စစ်တပ်ကားယာဥ်မောင်းကတော့ သတင်းဖော်ပြနေတဲ့အချိန်ထိ ကားခေါင်းထဲညပ်နေပြီး ထုတ်မရသေးဘူးလို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ကျိုက်ထိုဆေးရုံကို သယ်ဆောင်သွားပြီး ယာဥ်မောင်းကိုတော့ ဆွဲထုတ်ဖို့ ကြိုးစားနေကြတယ်လို့သိရကာ စစ်ကောင်စီတပ်ကားနဲ့ အတိုက်ခံခဲ့ရတဲ့ အရပ်ကား ၃ စီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကားတိမ်းမှောက်သွားတာကြောင့် လမ်းပိတ်နေလို့ နှစ်ဖက်သွားလာမယ့် ခရီးသွားကားတွေလည်း ပိတ်မိနေကာ စောင့်ဆိုင်းနေကြရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။