ဆောဒေသ မှာ NUG လမ်းညွှန်ချက်နဲ့ စာသင်ကျောင်း ၈၀ ကျော် ဖွင့်လှစ်သင်ကြားပေးနေ

0 1
0 1

မကွေး၊ ဇွန် ၄၊ ၂၀၂၃။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေမှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းစာသင်ကျောင်း ၈၂ ကျောင်း ဖွင့်လှစ်သင်ကြားနေတယ်လို့ ဆောမြို့နယ် CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပညာရေးဝန်ကြီးဌာနလမ်းညွှန်ချက်နဲ့ အာဏာသိမ်းကာလရဲ့ ပထမဆုံးစာသင်နှစ်ကို ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့ကစတင်ကာ နိုဝင်ဘာလအထိ ၆ လပြတ်သင်ကြားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ဆောဒေသ၊ ကြားကာလပညာရေးကျောင်းတကျောင်းမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက စာသင်ကြားပေးနေမှုမြင်ကွင်းများ။

အဲဒီနောက် ၂၀၂၂ -၂၀၂၃ ခုနှစ်ရဲ့စာသင်နှစ် ကိုတော့ ၂၀၂၂ ဒီဇင်ဘာလကနေ စတင်ကာ ၉ လပြတ်အနေနဲ့ တိုးချဲ့သင်ကြားပေးနေပြီး ကျောင်းသား/သူဦးရေ ၈၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

“ကျောင်း ၈၀ ကျော်ဖွင့်လှစ်ပြီး သင်ကြားပေးထားနိုင်တယ်။ ကလေးတွေကို ပညာရေးနဲ့အလှမ်းမဝေးစေချင်တဲ့ဆန္ဒနဲ့ သင်ဖြစ်တာပါ။ သူတို့ရဲ့အနာဂတ် တိုးတက်စေချင်တယ်။ ကျမတို့အတွက် လခမရလည်း ခလေးတွေကို ပညာတတ်စေချင်လို့သင်ပေးနေမှာပါ” လို့ ပြောပါတယ်။

ပုံစာ – ဆောဒေသ၊ ကြားကာလပညာရေးကျောင်းတကျောင်းမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက စာသင်ကြားပေးနေမှုမြင်ကွင်းများ။

သင်ကြားရေးအပိုင်းကိုတော့ CDM ပညာရေးဝန်ထမ်းတွေနဲ့ Volunteer သင်ကြားပေးသူ စုစုပေါင်း ၁၃၀၀ ကျော်က သင်ကြားပေးနေကာ နယ်မြေစိုးမိုးမှုနဲ့ ကာကွယ်ရေးအပိုင်းတွေမှာအားကောင်းလို့ အခုလို ကျောင်းတွေဖွင့်လှစ်နိုင်တာဖြစ်ပြီး မြေပြင်အနေအထားအရ ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေ အတွက်လုံခြုံမှုရှိပေမယ့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုတော့ စိုးရိမ်ရတယ်လို့ သူက ဆိုပါတယ်။

စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လုံခြုံရေးဆောင်ရွက်ပေးထားတယ်လို့ ဆောဒေသ အမှတ် – ၃ တပ်ရင်း၊ တပ်ခွဲ – ၁၊ တပ်ခွဲမှူး ဗိုလ်ခွပ်ဒေါင်းက ပြောပါတယ်။

ပုံစာ – ဆောဒေသ၊ ကြားကာလပညာရေးကျောင်းတကျောင်းမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက စာသင်ကြားပေးနေမှုမြင်ကွင်းများ။

“စစ်တိုက်တာ၊ လေ့ကျင့်နေတာတွေလုပ်နေရတာဖြစ်ပေမယ့် စာသင်ကျောင်းတွေ လုံခြုံရေးအပိုင်းမှာလည်း ကျနော်တို့နီးစပ်ရာ PDF တွေက တာဝန်ယူပေးပါတယ်။ လုံခြုံရေးအတွက် ပကဖ နဲ့ ပအဖအဖွဲ့တွေပူးပေါင်းဆောင်ရွက်နေတယ်” လို့ ပြောပါတယ်။

ပညာသင်ထောက်ပံ့မှုအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ပညာရေးဝန်ကြီးဌာနက ငွေကြေထောက်ပံ့မှုအဖြစ် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ကျောင်းသား ၁၃၀ ဦးအတွက် ကျပ် လေးသိန်းငါးသောင်းထောက်ပံ့ပေးခဲ့ပြီး၊ ကျောင်းသုံးစာရေးကိရိယာ ထောက်ပံ့မှုတွေအပြင် ဗဟုသုတရရှိနိုင်မယ့် စာအုပ်၊ စာပေတွေ ထောက်ပံ့လှူဒါန်းပေးတယ်လို့ သိရပါတယ်။

ဆောမြို့နယ်အတွင်း နေရာဒေသအများအပြားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီဘက်က ယခုနှစ်ကျောင်းဖွင့်ကာလမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနိုင်တာမျိုး မရှိသေးဘဲ NUG အစိုးရလက်အောက် စာသင်ကျောင်းတွေသာ ဖွင့်လှစ်သင်ကြားနေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရှောင်ဒေသက ကလေးငယ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လမ်းညွှန်ချက်ဖြစ်တဲ့ ကြားကာလပညာရေးစနစ်ကို မြေပြင်နဲ့ အွန်လိုင်းနှစ်ခုကနေ အဓိကသင်ကြားပေးနေတာပါ။

အများစုမှာတော့ မြေပြင်လုံခြုံရေးပေါ်မူတည်လို့ စာသင်ကြားချိန်တွေကို သင့်တော်သလိုသတ်မှတ်ကာ ကိုယ်ထူကိုယ်ထအနေနဲ့သာ သင်ကြားမှုသင်ယူမှုကို ပြုလုပ်နေရတာ ဖြစ်ပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။