တောင်တွင်းကြီးမှာ ကပစ ၁၈ စစ်ကော်မရှင်တပ်သားတွေ ကြားဖြတ်တိုက်ခံရလို့ ၄ ဦးသေဆုံး

0 49
0 49

တောင်တွင်းကြီး၊ ဇန်နဝါရီ ၁၆၊ ၂၀၂၅။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဥ်းချောင်းရွာမှာတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ(တောင်တွင်းကြီး) ဆီက သိရပါတယ်။

နေပြည်တော် – တောင်တွင်းကြီးရထားလမ်းဘေး ကုလားမရွာလမ်းပေါက်ကနေ ပျဥ်းချောင်းရွာကို ဆိုင်ကယ် ၃ စီးနဲ့ ပြန်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးကို ဇန်နဝါရီ ၁၄ ရက် ည ၈ နာရီလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” ပျဉ်းချောင်းရွာကနေ ကုလားမကျေးရွာကို ဆက်ကြေးကောက်တဲ့ ***တွေကို အပြန်မှာ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်တာ။ ပဲခူးရိုးမအစပ်ဆိုတော့ တောင်ဆင်း၊တောင်တက်ဖြစ်တော့ ချပ်ကြားလမ်းတွေရှိတယ်၊ သတင်းကတော့ ကျနော်တို့ ရတာမကြာသေးဘူး။” လို့ ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ(တောင်တွင်းကြီး) တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဆိုင်ကယ်စီးနင်းလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ၁၅ မိနစ်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရပြီး ၄ ဦး နေရာမှာပဲသေဆုံးကာ ၁ ဦးကတော့ ပြင်းထန်ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ပျဥ်းချောင်းရွာမှာတပ်စွဲနေတဲ့ တောင်တွင်းကြီးအခြေစိုက် အမှတ် ၁၈ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၈)က ဖြစ်ပြီး ၎င်းတို့ထံက MA 1သေနတ် ၄ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ ၅.၅၆ မမ ကျည် ၁,၀၀၀ တောင့်၊ ကျည်ဘောက် ၁၀ ခုနဲ့ ကျည်ကာ ၂ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၅ ရက် ယမန်နေ့ ညနေ ၅ နာရီမှာ စစ်ကော်မရှင်တပ်အင်အား ၇၀ ခန့်ဟာ ပစ်ခတ်ခံခဲ့ရတဲ့ ပျဉ်းချောင်းရွာနဲ့ ကုလားမရွာအကြားကို စစ်ကြောင်းထိုးရှာဖွေတာတွေပြုလုပ်ခဲ့ပြီး သေဆုံးစစ်ကော်မရှင်တပ်သားရုပ်အလောင်းတွေကို ကောက်ယူကာ ပျဥ်းချောင်းရွာဆီ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)၊ သရက်ခရိုင်အမှတ် ၅ တပ် ရင်း (ဆင်ပေါင်ဝဲမြို့နယ်)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မကွေးပြောက်ကျားတပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။