မန္တလေးမှာ လျှပ်စစ်ပေါင်းအိုးနဲ့ထမင်းချက်ရာက ဝါယာရှော့ဖြစ်ပြီး နေအိမ် ၇ လုံးမီးလောင်

0 12
0 12

မန္တလေး၊ ဇန်နဝါရီ ၁၅၊ ၂၀၂၆။

မန္တလေးတိုင်း ၊ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်မှာ မီးလောင်မှုဖြစ်လို့ နေအိမ် ၇ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေထံက သိရပါတယ်။

ဇန်နဝါရီ ၁၄ရက် ယမန်နေ့ညနေ ၅ နာရီကျော်မှာ အောင်နန်းရိပ်သာရပ်ကွက် ၃၄ ×၃၅ လမ်းကြား၊ ၈၂×၈၃ လမ်းကြားရှိ ဦးလှသိန်းဆိုသူနေအိမ်ကနေ မီးစတင်လောင်ခဲ့တာဖြစ်ပြီး အနီးအနားနေအိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

” ထမင်းပေါင်းအိုးနဲ့ ထမင်းတည်ထားရာကနေ ဝါယာရှော့ဖြစ်ပြီး မီးစလောင်တာ။ အိမ်ရှင်တွေအိမ်မှာရှိပေမယ့် မီးမငြှိမ်းနိုင်လို့ ဘေးအိမ်တွေပါကူးကုန်တာ။”လို့ မီးငြှိမ်းသတ်ရာမှာကူညီပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးလောင်မှုကြောင့် ဦးလှသိန်းနေအိမ်အပါအဝင် အနီးဝန်းကျင် နေအိမ် ၇ လုံးမီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်တာတော့မရှိခဲ့ပေမယ့် နေအိမ်တွေပျက်စီးမှုကြောင့် ပြည်သူ ၄၀ ခန့် မီးဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးမီးသတ်တွေနဲ့ အခြေစိုက်လူမှုကူညီရေးအသင်းတွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့လို့ မီးလောင်ပြီးတနာရီကျော်အကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်ကလည်း အမရပူရမြို့နယ်၊ ဘုံအိုးကျေးရွာရှိ နေအိမ် ၁ လုံးက ဆိတ်ခြံမှာ ခြင်ဆေးထွန်းထားရမှ မီးလောင်မှုဖြစ်လို့နေအိမ် ၈ လုံးမီး လောင်ပျက်စီးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။