စစ်ကိုင်း၊ ဇွန် ၂၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာမှာ ဒေသခံတွေက နှစ်စဉ်ပြုလုပ်နေကျ ငွေချောင်းဘုရားပွဲကျင်းပ နေချိန် စစ်ကောင်စီတပ်က သေနက်တွေ ပစ်ခတ်ပြီး အဲဒီကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့လို့ ဒေသခံတဦးက ကျည်ထိမှန်သွားတယ်လို့ သိရပါတယ်။
ဇွန်လ ၂ ရက် ဒီနေ့ မနက် ၉ နာရီလောက်မှာ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြို့ပေါ်ရွာထဲကို သေနတ်တွေနဲ့ပစ်ခတ်ပြီး ဝင်လာတာကြောင့် မြို့ပေါ်ရွာက အသက် (၄၀)အရွယ် ဦးဝင်းမင်းဆန်း ရဲ့ ပေါင်ကိုထိမှန်သွားတယ်လို့ သိရပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ ကျေးရွာထဲကိုဝင်ရောက်လာပြီး အဲဒီကျေးရွာက နေအိမ် ၇ လုံး၊ မီးဖိုချောင် ၃ လုံး၊ ဆိုင်ကယ် ၅ စီး နဲ့ ကား ၂ စီးတို့ကို မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ကနီသားများ၏ရင်တွင်းအသံမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ရွာဘုရားပွဲဆိုရင် တရွာလုံး မုန့်တွေလုပ်၊ လာတဲ့ဧည့်သည်တွေကို ထမင်းကျွေးတာတွေ လုပ်တယ်။ စစ်ကြောင်း ထိုးလာတာကို မသိကြဘူး၊ ရွာထဲဝင်လာပြီ လက်နက်တွေ ပစ်ဖောက်တော့မှ ထွက်ပြေးကြတာ။ လက်နက်ထိမှန်ထားတဲ့ တယောက်ကတော့ မစိုးရိမ်ရပါဘူး။ ရွာသားတွေလည်း အခုထိရွာနားကို မကပ်ရဲသေးပါဘူး”လို့ သူက ဆိုပါတယ်။
ကျေးရွာကို မီးရှို့ပြီး နေ့လယ် ၁ နာရီလောက်မှာ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဟာ သူတို့ဖမ်းဆီးထားတဲ့ ဓားစာခံ အမျိုးသား ၃ ဦးနဲ့အတူ သေနတ်တွေပစ်ဖောက်ပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲသို့ ဝင်ရောက်သွားခဲ့ပါတယ်။
အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ မြို့ပေါ်ကျေးရွာဟာ အခုလိုမီးရှို့ခံရတာ ၃ ကြိမ်တိတိရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ မေလ ၁၃ ရက်ကလည်း နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးသွားသလို အသက် (၃၀)အရွယ် ကိုအောင်ဇော်ဦးကို ပစ်သတ်သွားခဲ့ပါသေးတယ်။ ထပ်မံပြီး ဒီဇင်ဘာ ၁၀ ရက်မှာလည်း ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စာတည်း − လင်းဇေ