Young Force UG ဆီ တပ်သား ၁ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာ၊ စုစုပေါင်း ၁၁ဦးထိရှိလာ

0 1
0 1

မကွေး၊ ဇွန် ၁၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁ က တပ်သား ၁ ဦး Young Force (UG) ဆီကို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂ပတ် မေလ ၁၈ရက် ကတည်းက တပ်မ ၁၀၁ ကနေ MA 1 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၀၀ နဲ့အတူ အလင်းဝင်လာလို့ သိန်း ၁၀၀ ကျော် ချီးမြင့်ခဲ့ပြီးဖြစ်ပေမယ့် လုံခြုံရေးအရ ဒီနေ့မှ ထုတ်ပြန်ခဲ့တာလို့ Young Force (UG) တာဝန်ခံက ပြောပါတယ်။

“သူကလုံခြုံရေးအရ ဖော်ပြလို့မရဘူး ပြောလို့ပါ။ သူအလင်းဝင်လာတဲ့ အကြောင်းကတော့ စစ်ကောင်စီလက်အောက်မှာ သူဆက်လက်တာဝန်မထမ်းဆောင်ချင်တော့တာပေါ့။ သူတို့တပ်တွင်းမှာလည်း ဖိနှိပ်ဆက်ဆံမှုတွေရှိတယ်။ သူတို့စစ်ကြောင်းတွေထိုးတဲ့အချိန်မှာ ရွာတွေမီးရှို့ရတာတွေ အပြစ်မရှိတဲ့ လူတွေသတ်တာတွေလုပ်နေရတော့ ကြာတော့ကျမလုပ်ချင်တော့ဘူး” လို့ အလင်းဝင်လာတဲ့ တပ်သားက ပြောတယ်လို့ UG တာဝန်ခံက ပြောပါတယ်။

အဲ့ဒီတပ်သားကို အလင်းဝင်ဖို့ လွယ်လွယ်လေး လက်ခံခဲ့တာမဟုတ်ဘဲ ၃လကနေ ၅လအတွင်း ချိတ်ဆက်မှုတွေလုပ်ပြီးမှ လက်ခံပြီး ခေါ်ထုတ်ခဲ့ကြတာလို့ ပြောပါတယ်။

“သူကခေါ်ထုတ်ရတာ အခက်အခဲတော့ အများကြီးရှိတာပေါ့။ မြို့ထဲမှာအစစ်အဆေးတွေကအများကြီးရှိတာ။ သူ့ကိုလွတ်မြောက်နယ်မြေရောက်အောင် ကျနော်တို့ တော်တော်လေး ကြိုးစားပြီးထုတ်ရတာ” လို့ ဆိုပါတယ်။

အခုနောက်ဆုံး ဝင်လာတဲ့ တပ်သား အပါအဝင် Young Force (UG) အဖွဲ့ဆီ CDM နဲ့ အလင်းဝင်လာသူ စုစုပေါင်း ၁၁ဦး ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။