ခံဝန်ထိုးပြီးနေတဲ့ ပဲခူးတိုင်း လဝကဝန်ကြီး ၅၀၅ ၂မှုနဲ့ ပြန်ဖမ်းခံရ

0 1
0 1

ပဲခူး၊ ဇွန် ၁၊ ၂၀၂၃။

စစ်ကောင်စီဆီမှာ အဖမ်းခံ၊ ခံဝန်ထိုးပြီးနေတဲ့ NLD အစိုးရလက်ထက် ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းထွန်းဦးကို စစ်ကောင်စီက ထပ်မံအမှုဖွင့်ကာ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ဦးထွန်းထွန်းဦးကို ပေါင်းတည်မြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅(က) ၂ မှုနဲ့ အမှုဖွင့်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

“ဘယ်နေ့ကဖမ်းတယ်ဆိုတာမသိရဘူး။ မေလ ၂၁ ရက်က ပေါင်းတည်မှာ သူ့ယောက္ခမဆုံးလို့ ပြန်လာတာကိုတွေ့တယ်။ သူကအရင်တခါအဖမ်းခံပြီး ပြန်လွတ်ကတည်းက ရန်ကုန်မှာနေတာဆိုတော့ အဆက်အစပ်မရှိဘူး။ ခုဖမ်းတာကလည်း ပြည်ဒကစက ဖမ်းတာလို့သိရတယ်။”လို့ မြို့ခံတဦးက ပြောပါတယ်။

ဦးထွန်းထွန်းဦးဟာ အာဏာသိမ်းအပြီး ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးမှူးကို ဖုန်းကနေတဆင့် ဆဲဆိုမှု၊ မြို့နယ်လဝကမှူးနဲ့ ရုံးအဖွဲ့ကို CDMလုပ်ဖို့ ပြောဆိုခဲ့တာတွေကြောင့် အမှုဖွင့်ခံရတာဖြစ်တယ်ဆိုတဲ့ သတင်းတွေကြားနေရတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းက သမီးဖြစ်သူပြည်ပသွားဖို့ ပတ်စ်ပို့လုပ်စဉ် ဖမ်းဆီးခံရတာကြောင့် ဦးထွန်းထွန်းဦးဟာ ဒီဇင်ဘာလ ၈ ရက်မှာ ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-ပြည်)ဆီကို သမီးနဲ့ လူစားလဲကာ သွားရောက်အဖမ်းခံခဲ့ပြီး ခံဝန်ထိုးကာ လွတ်နေခဲ့ပေမယ့် အခုလိုထပ်မံ တရားစွဲခံရတာလို့လည်း ဆိုပါတယ်။

ဝန်ကြီးဟောင်း ဦးထွန်းထွန်းဟာ ပေါင်းတည် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်မှာ ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး ပဲခူးတိုင်းအစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်နဲ့ စက်မှု၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်တွေထမ်းဆောင်ခဲ့ရာက ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်မှာ ပဲခူးတိုင်းလွှတ်တော်ကနေ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် မဲခွဲအတည်ပြု ခန့်အပ်ခြင်းခံရသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။