မြစ်ခြေမှာ လေယာဥ်နဲ့ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး

0 29
0 29

■ မင်းတုန်းမှာလည်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေကိုမီးရှို့

ဒိန်းဂျားအောင်စိုး

မြစ်ခြေ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၆။

မကွေးတိုင်း၊ ပခုက္ကူနဲ့ မင်းတုန်းမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာနဲ့ မြေပြင်စစ်ကြောင်းထိုးမီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

မြစ်ခြေမြို့နယ်၊ သရက်တောရွာကို စစ်ကော်မရှင်တပ် တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ မြစ်ခြေမြို့ခံတဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက် ယမန်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ သရက်တောရွာအနီးယာခင်းတွေထဲက တဲအိမ်ပေါ်ကို ဗုံးကြဲချခဲ့တဲ့အပြင် စက်လတ်တွေနဲ့ပါပစ်ခတ်သွားခဲ့တာကြောင့် အသက် ၄၀ နှစ်အရွယ်အမျိုးသမီး ၁ ဦးသေဆုံးပြီး ၎င်းရဲ့ခင်ပွန်းဖြစ်သူ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သူ့အမျိုးသားကတော့ ထိခိုက်ဒဏ်ရာ နည်းနည်းပဲရတယ်၊ စိုးရိမ်ရတဲ့အထဲ မပါဘူး။ အခုကြဲသွားတဲ့နေရာက အိမ်ဆက်တော့ဝေးတယ်။ ယာခင်းပြင်ထဲမှာ သူတို့တဲထိုးတဲ့နေရာကိုကြဲသွားတာ” လို့ မြစ်ခြေမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သရက်တောရွာဟာ အိမ်ခြေ ၆၀၀၊ အိမ်ထောင်စု ၆၀၀ နဲ့ လူဦးရေ ၁,၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာကြီးဖြစ်ပြီး လတ်တလောမှာ ကျေးရွာတဝိုက်တိုက်ပွဲတွေဖြစ်ပွားတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၃ ရက် ယမန်နေ့ မနက် ၁၁ နာရီမှာ အင်အား ၂၅၀ကျော်ပါ စစ်ကော်မရှင်တပ်ဖွဲ့တွေက မင်းတုန်းမြို့နယ်၊ ပဇင်းဒါးကျေးရွာနဲ့ သဖန်းကိုင်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ထံက သိရပါတယ်။

” ရွာသားတွေက စစ်ကြောင်းဝင်လာချိန် ထွက်ပြေးချိန်မရလိုက်ကြဘူး။ လက်ရှိသိထားရတာက ပဇင်းဒါးမှာ ***တွေက ရှိနေသေးတယ်လို့ယူဆတယ်။ ရွာသူရွာသားတွေ က အဖမ်းခံထားရဆဲလားဆိုတာ မသိရသေးပေမယ့် အိမ်က ၁၆ လုံးမီးရှို့ခံရတယ်။ သဖန်းကိုင်းက ၃လုံးမီးရှို့ခံရတယ်” လို့ သရက်ခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတဦးက ပြောပါတယ်။

အိမ်ခြေ ၂၀၀ နီးပါးစီရှိ ပဇင်းဒါးနဲ့ သဖန်းကိုင်းကျေးရွာမှာ ၁ ဖာလုံခန့်သာကွာဝေးကြပြီး ကျေးရွာတွေကို ဝင်ရောက်မီးရှို့နေတဲ့ စစ်ကြောင်းဟာ ဇန်နဝါရီ ၁၂ ရက်က သရက်-မင်းတုန်းကားလမ်းပိုင်းမှာ သရက်ခရိုင်တပ်ရင်း ၄ တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ညနေ ၆ နာရီကျော်မှာ မင်းတုန်းနယ်ကတဆင့် သရက်မြို့နယ်၊ အောက်မမြင့်ရွာကို ဝင်ရောက်ခဲ့ကာ ဇန်နဝါရီ ၁၄ ရက်ဒီကနေ့ မှာတော့ ပုဏ္ဏားကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သရက်ခရိုင်ရွေးကောက်ပွဲအပိုင်း ၃ ပြုလုပ်နိုင်ဖို့ ဇန်နဝါရီ ၉ ရက်ကစတင်ပြီး သရက်-မင်းတုန်းလမ်းပိုင်းနဲ့ မင်းတုန်းမြို့နယ်တွေကို စစ်အင်အား ၂၅၀ ကျော်နဲ့ စစ်ကြောင်းထိုး လုံခြုံရေးယူတာတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။