စစ်ကိုင်း၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် ၄ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်ထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက်မနက် ၄ နာရီကျော်မှာ အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ ထောက်ကြံ့ကုန်းရွာကို တိုက်ခိုက်ရေးလေယာဉ် ၁ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချခဲ့တာကြောင့် ယင်းမာပင်ခရိုင်တပ်ရင်း ၂ မှ တပ်ဖွဲ့ဝင် ၂ ဦးနဲ့ကျေးရွာသား ၂ ဦးတို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ရွာထဲကိုကြဲချသွားတာ။ နေအိမ်တွေလည်း အတော်လည်းပျက်စီးသွားတယ်။ ရွာမှာ စခန်းတော့ မရှိဘူး။ ရဲဘော်တွေက အလုပ်ကိစ္စနဲ့ ရွာထဲကို ရောက်နေကြတာထင်တယ်။ ယင်းမာပင် တပ်ရင်း ၂ ကပါ။” လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
သေဆုံးဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မြေလတ်အသံကမေးမြန်းရာ လုံခြုံရေးအခြေအနေကြောင့် ပြောပြလို့မရသေးဘူးလို့ ဒေသသတင်းရင်းမြစ်ကဆိုပါတယ်။
ထောက်ကြံ့ကုန်းကျေးရွာဟာ ချင်းတွင်းမြစ်အရှေ့ခြမ်း မြစ်ကမ်းနံဘေးမှာတည်ရှိကာ ရွာအနီးဝန်းကျင်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းမရှိသလို တိုက်ပွဲဖြစ်ပွါးတာမျိုးမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၃၁ ရက်ကလည်း ကလေးမြို့နယ်၊ ကုက္ကိုလ်ရွာအတွင်းက စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
စာတည်း – ကိုချမ်း