သရက်မှာ ကျေးရွာတာဝန်ခံ ၁ ဦးအပါ ၃ ဦးအသတ်ခံရ

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၅။

မကွေးတိုင်း၊ သရက်မြို့နယ်က ကျေးရွာတာဝန်ခံနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် စုစုပေါင်း ၃ ဦးပစ်သတ်ခံရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။

သေဆုံးသူတွေဟာ ချင်းကုန်းကျေးရွာတာဝန်ခံ အသက် ၅၃ နှစ်အရွယ် ဦးဌေးအောင်၊ ချင်းကုန်းရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် အသက် ၆၅ နှစ်အရွယ် ဦးသန်းမြင့်၊ ဖောင်းကတောကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် အသက် ၄၂ နှစ်အရွယ် ဦးသန်းဇော်တို့ဖြစ်ပါတယ်။

သေဆုံးသူတွေဟာ စစ်ကောင်စီယန္တရားတွေ ကျေးရွာမှာလည်ပတ်နိုင်အောင် ဦးဆောင်လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူက ပြောပါတယ်။

“သူတို့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ရွာကို ဖိနှိပ်မှုယန္တရားလုပ်တဲ့ နေရာမှာဦးဆောင်နေတာ။ တော်လှန်ရေးအဖွဲ့အစည်းတွေက ကြေညာချက်တွေထုတ်တဲ့အခါမှာလည်း သူတို့တွေကမဖြုံဘူး။ ဂရုမစိုက်ဘူး။ စစ်ကောင်စီရဲ့ ယန္တရားတွေကိုလည်း အားပေးအားမြှောက်ပြုပြီးတော့မှ ကျောင်းဖွင့်၊ ဆေးခန်းဖွင့် ဒီသူပုန်တွေကို ဂရုစိုက်စရာမလိုဘူး ပြောနေတဲ့သူတွေ။”လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူက ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

အလောင်းတွေကိုတော့ ဖေဖော်ဝါရီ ၃ ရက်မနက်ပိုင်းမှာ ဒေသခံတွေကတွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီနေ့ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လာသယ်သွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။