မြေလတ်အသံ၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးရှိ ကြိမ်ခါးကုန်း ကျေးရွာမှာတိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်တပ်က ဗိုလ်မှူး ၁ ဦးအပါအဝင် သေဆုံးသူများပြီး လက်နက်တွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ဆီက သိရပါတယ်။
ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉ တပ်ရင်းက စစ်ကြောင်းမှုးအဖြစ်ပါလာတဲ့ ဗိုလ်မှူး ထိန်လင်းအပါအဝင် ၂၀ ဦးသေဆုံးခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၂ နာရီနီးပါးကြာခဲ့တယ်လို့ သိရပါတယ်။
“စစ်ကြောင်းထိုးလာတဲ့ စကမ အင်အားက အနည်းဆုံး ၁၅၀ ရှိပါတယ်။ သေဆုံးတဲ့လူဦးရေကလည်း မျက်မြင် ၂၀ ဦးပါ။ သူတို့က ဆုတ်ခွာထွက်ပြေးသွားတာဖြစ်တော့ ဒီထက်လည်းပိုနိုင်ပါတယ်။ တိုက်ပွဲကတော့ ၁ နာရီနဲ့ ၄၅ မိနစ်ကြာပါတယ်။ ကျနော်တို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားတဲ့ ဓာတ်ပုံပိုင်ရှင်က သူ(ဗိုလ်မှူးထိန်လင်း)ပါပဲ”လို့ ပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက ပြောပါတယ်။

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်းသေဆုံးပြီး နောက်ထပ် ၃ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ စောဒိုရှင်းက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း ၆၀ မမ ပြောင်းရှည် ၁ လက်၊ ပြောင်းတို ၂ လက်၊ RPG ၁ လက်၊ MA 1 ၇ လက်၊ MA 2 ၂ လက်၊ MA 3 ၂လက်၊ MA 11 ၃ လက်၊ ၆၀ မမ ဗုံးသီး ၂၄ လုံး၊ အီနာဂါဗုံးသီး ၂၄ လုံး၊ RPG ဗုံးသီး ၂ လုံး၊ RPG ပို့ယမ်း ၂ တောင့်၊ ၄၀ မမ အသီး ၉ လုံး၊ ကျည်ဘောက်အစုံ ၉ ခု၊ ၁၈ မိုင်း ၃လုံး၊ ၁၄ မိုင်း ၃ လုံး၊ ကျည်ကာဦးထုပ် ၁၃ လုံး၊ ၅.၅၆ ကျည် ၂၀၀ တောင့်၊ ၇.၆၂ ကျည် ၁၅၀ တောင့်၊ ကျောပိုးဂျန်မာ ၁ ခု၊ ဆက်သွယ်ရေးစက် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P-299 14၊ ဗျူဟာ ၂၆ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၇၀၃ တပ်ရင်း (Fire Dragon)၊ တော်ဝင်ဒေါင်းတပ်ရင်း P-299 13 တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကြောင်းက ပဲနွယ်ကုန်းမြို့ပေါ်ကိုပြန်ဆုတ်ခွာသွားခဲ့ပြီး ဇန်နဝါရီ ၁၃ ရက် ဒီကနေ့အထိ တန်ပြန်စစ်ကြောင်းထိုးလာတာမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက် ဒီမနက်အစောပိုင်းမှာလည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ အပါအဝင် ကျောက်တံခါးနဲ့ အုတ်တွင်းမြို့နယ်မှ စစ်ကော်မရှင်စခန်း ၁၄ ခုကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့ပါသေးတယ်။
စာတည်း – လင်း