ညောင်လေးပင်၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး ၁ ဦး နေအိမ်ထဲပစ်သတ်ခံရတယ်လို့ 9Stars UG အဖွဲ့ဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ မြို့မ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး အသက် ၆၈ နှစ်အရွယ် ဦးလှသောင်းဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်မနက် ၅ နာရီခွဲမှာ နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူက သူအိမ်အောက်မှာ အိပ်တာကုတင်နဲ့ အိပ်ယာထဲထိပဲဝင်ပစ်ခဲ့တာ။ ၃ ချက်ပစ်ခဲ့တယ်။ သူမိန်းမလည်း ရှိတယ်။ တွေ့တယ်အော်ဆဲနေတာ ဘာမှမလုပ်ပါဘူး။ ဒီတိုင်းပဲထားခဲ့တယ်။ “လို့ 9Stars UG ခေါင်းဆောင်မြွေပွေးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးနေထိုင်တဲ့နေရာက ပြွန်တန်ဆာရဲစခန်းနဲ့ ကိုက် ၆၀၀ လောက်သာ ဝေးကွာတာကြောင့် ပစ်ခတ်ပြီး အမြန်ပြန်ဆုတ်ခွာခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးလှသောင်းဟာ သထုံအခြေစိုက် အမှတ် ၅၂၅ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲကနေ တပ်ကြပ်ကြီးရာထူးနဲ့ အငြိမ်းစားယူထားသူဖြစ်ပြီး သား ၂ ဦးဖြစ်တဲ့ ကိုကိုလင်းက အဆိုပါတပ်မှ ဗိုလ်မှူးဖြစ်တယ်လို့သိရပြီး လှဌေးကတော့ ရဲတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ 9Stars UG ခေါင်းဆောင်မြွေပွေးက ပြောပါတယ်။
ဦးလှသောင်းဟာ အငြိမ်းစားယူပြီးနောက် အုပ်ချုပ်ရေးမှူးဖြစ်လာပြီး NLD အစိုးရလက်ထက်အတွင်း အုပ်ချုပ်ရေးမှူးရာထူးက ရပ်နားခံခဲ့ရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အုပ်ချုပ်ရေးမှူး ပြန်ဖြစ်လာသူဖြစ်တဘ်လို့ ခေါင်းဆောင်မြွေပွေးက ပြောပါတယ်။
ဒါ့အပြင် ပြွန်တန်ဆာပျူစောထီးအဖွဲ့ကိုဦးဆောင်ပြီး ဧည့်စာရင်းထောက်ခံစာလုပ်သူတွေကို ငွေအများအပြားတောင်းတာ၊ ဒေသခံတွေကို စစ်မှုထမ်းကြေး ၂ သောင်း၊ ကင်းကြေး ၂ ထောင် လစဥ်ကောက်ခံတာ၊ ရပ်ကွက်ထဲကသူတချို့ကိုလည်း စစ်မှုထမ်းအတွက်ရောင်းစားတာ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပူးပေါင်းပါဝင်တာတွေရှိတဲ့အတွက် ခုလိုပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒီဇင်ဘာ ၁၉ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ သံတံတားစံပြကျေးရွာမှာ လယ်ထဲကနေ ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း