ကံမ၊ ဇန်နဝါရီ ၁၂၊ ၂၀၂၅။
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပြောင်ကျရွာနဲ့ ပယ်ကျရွာအကြားမှာ မဲရုံတွေလိုက်စစ်ပြီး ပြန်လာတဲ့ ကံမမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးသေတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက်မနက် ၁၁ နာရီခန့်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး ဦးဇော်မင်းနိုင်၊ ရဲအဖွဲ့ဝင်တွေနဲ့ မြို့နယ်ကော်မရှင်အဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားတန်း ကြားဖြတ်တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
“ကံမမြို့နယ်အုပ်ချုပ်ရေးမှူး သူကမဲရုံတွေကို လိုက်စစ်တယ်ပြောတယ်။ အဲဒီမှာ ကြားဖြတ်တိုက်ခိုက်ခံရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျဆုံးတယ်။ သေသွားတယ်ပေါ့။”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်တွေမှာတော့ တိုက်ခိုက်ခံပြီးထိခိုက်ဒဏ်ရာရသွားသူတွေကို စစ်ကော်မရှင်အဖွဲ့တွေက ပြည်မြို့ ပြည်သူ့ဆေးရုံကို တင်ပို့ဆေးကုသချိန်မှာ နေ့လယ် ၁ နာရီခန့်မှာ ဦးဇော်မင်းနိုင် သေဆုံးသွားတယ်လို့လည်း ရေးသားဖော်ပြကြပါတယ်။
အဆိုပါပစ်ခတ်မှုအတွင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ယာဥ်မောင်းဖြစ်သူ ဦးသန့်ဇင်အောင်၊ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုတွေမှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုတာကိုတော့ အတည်ပြုထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဇန်နဝါရီ ၆ ရက်ကလည်း မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာအနီး မြို့သစ်-ကန်ပြား လမ်းပိုင်းမှာ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေ လိုက်ပါလာတဲ့ယာဥ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးအပါ ၈ ဦးသေတယ်လို့ သိရပါတယ်။
စာတည်း – လင်း