မြေလတ်အသံ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ခင်ဦးမြို့နယ်ကကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေများခဲ့ပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာရှိ စားသောက်ဆိုင်အနီးကို စစ်ကော်မရှင်တပ်က စက်တပ်လေထီး ၂ စီးနဲ့ ဇန်နဝါရီ ၉ ရက် ည ၆နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဆိုင်မှာက လူစည်နေတဲ့အချိန်ပါ။ ထမင်းစားသူတွေနဲ့စည်ကားနေတာ။ ထမင်းဆိုင်လည်း ပျက်စီးသွားတယ်။ သေဆုံးသူတွေက ဆိုင်ကလူတွေဗျ။ ခရီးသွားကားသမား ၁ ယောက်ပါတယ်။ တိုက်ပွဲမရှိဘဲ ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်နေတာ”လို့ ယင်းမာပင်ဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးမှန်သေဆုံးခဲ့သူတွေဟာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး၊ အသက် ၂၀ နဲ့ ၃၀ အရွယ်ရှိ အမျိုးသား ၂ ဦးတို့ဖြစ်ပြီး နွာ ၉ ကောင်၊ မြင်း ၁ ကောင်လည်း သေဆုံးကာ ထွန်စက်ကား ၁ စီး၊ မြေတူးကား ၁ စီး မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
ယင်းမာပင်မြို့အရှေ့ဘက် ၅ မိုင်ခန့်အကွာ အိမ်ခြေ ၈၀၀ နီးပါးရှိတဲ့ ပြန်လှည့်ရွာက ဒေသခံတွေကတော့ နောက်ထပ်ဗုံးလာကြဲမှာကြောက်ပြီး ရွာကနေထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

အလားတူ ခင်ဦးမြို့နယ်၊ လယ်သစ်ရွာကို စစ်ကော်မရှင်ဘက်က ၂ ရက်ဆက်ဗုံးကြဲခံရပြီး ထိခိုက်သူတွေများခဲ့တယ်လို့ ခင်ဦးမြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၉ ရက် ည ၇ နာရီခွဲကျော်ခန့်မှာ တံတားဦးလေတပ်ကဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာဟာ လယ်သစ်ကျေးရွာကို ဗုံး ၁ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
“ရွာထဲက နာရေးအိမ်နားကိုကျတာ။ နာရေးလာတဲ့သူတွေ ထိကြတာ။ သာမန်ရောဂါနဲ့ဆုံးတဲ့သူ နာရေးပါ။ ၅ နှစ်သားကလေးပါ ထိတယ်။”လို့ ခင်ဦးမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

ဗုံးပေါက်ကွဲစထိမှန်လို့ အသက် ၅ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၃၀ ကနေ ၄၀ ကြား အမျိုးသား ၅ ဦးဒဏ်ရာရပြီး အဲဒီအထဲက ကလေးငယ်အပါအဝင် ၂ ဦးက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဗုံးကျရောက်ပေါက်ကွဲလို့ နာရေးအိမ်အပါအဝင် အနီးအနားနေအိမ် ၃ လုံးခန့်ထိခိုက် ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၀ ရက် ဒီမနက် ၉ နာရီကျော်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေအနေများတဲ့ သင်ပေါင်းကျေးရွာအနီးဝန်းကျင်ကို ဂျက်ဖိုက်တာ ၅ စီးနဲ့ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် စစ်ဘေးရှောင် ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ လယ်သစ်၊ သင်ပေါင်းကျေးရွာတွေဟာ သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်တွေနဲ့ နီးစပ်တာကြောင့် အဆိုပါဒေသတွေက စစ်ဘေးရှောင်တွေဟာ ကျေးရွာအနီးဝန်းကျင်တွေမှာ နေထိုင်ကြတာတွေရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၅ ရက်ညကလည်း ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာမှာ စစ်ရှောင်တွေနေတဲ့နေရာ ဗုံးကြဲခံရလို့ ၃ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း