နေပြည်တော် ခလရ ၈၅ တပ်၊ တိုင်းအောင်ခန်းမနဲ့ တပ်တွင်းအဆောက်အဦတချို့ ပြိုကျ (Photo News)

0 20
0 20

မြေလတ်အသံ၊ မတ် ၂၉၊ ၂၀၂၅။

ငလျင်ဒဏ်ပြင်းထန်ခဲ့တဲ့ နေပြည်တော်ကောင်စီနယ်မြေမှာ စစ်ကောင်စီလက်အောက် စစ်ဘက်ဆိုင်ရာအဆောက်အဦနဲ့ ဝန်ကြီးဌာနရုံးအဆောက်အဦတွေပါ ပြိုကျပျက်စီးခဲ့ပြီး ပြိုကျမှုဖြစ်ပွားခဲ့တဲ့အထဲ ပျဥ်းမနားမြို့ အခြေစိုက် ခလရ ၈၅ တပ်ရင်းက အဆောက်အဦတချို့လည်း ပါဝင်ခဲ့ပါတယ်။

ခလရ ၈၅ တပ်ရင်းအတွင်းက တိုင်းအောင်ခန်းမအပါအဝင် လူနေလိုင်းခန်းတချို့ ပြိုကျပျက်စီးခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုဝင်တွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ နေပြည်တော်တပ်အသိုင်းအဝိုင်းထံက သိရပေမယ့် သေဆုံးမှုအခြေအနေအသေးစိတ်တွေကိုတော့ မသိရပါဘူး။

ခလရ ၈၅ တပ်ဟာ နေပြည်တော်တိုင်းလက်အောက်ခံတပ်ရင်းတခုဖြစ်ပြီး စစ်ရုံးချုပ်နဲ့ နေပြည်တော်လုံခြုံရေးကို အဓိကတာဝန်ယူရတဲ့ တပ်ရင်းလည်းဖြစ်ပါတယ်။

ခလရ ၈၅ အပြင် နေပြည်တော်စစ်ရုံးချုပ်၊ တိုင်းစစ်ဌာနချုပ်နဲ့ လယ်ဝေးမြို့ရှိ စကခ ၆၊ တပ်ကုန်းမြို့ရှိ ကပစတပ်တွေက အဆောက်အဦတချို့လည်း ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့လည်း နေပြည်တော်တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ယမန်နေ့မွန်းလွဲပိုင်းက အင်းအားပြင်းငလျင်ကြီး (Major Earthquake ) စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တာကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် ဒေသ ၆ ခုက မြို့နယ်တွေမှာ အဆောက်အဦပြိုကျကာ လူထိခိုက်သေဆုံးမှုများပြားခဲ့ပါတယ်။

ပုံစာ – ခလရ ၈၅ တပ်ရင်း တိုင်းအောင်ခန်းမ။( ဓာတ်ပုံ – ပေးပို့)

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။