ပခုက္ကူ၊ ကံရပ်ကြီးရွာ ရွာလုံးကျွတ်မီးရှို့ခံရ

0 5
0 5

မြေလတ်အသံ၊ ဇန်နဝါရီ ၉၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကံရပ်ကြီးရွာကို စစ်ကော်မရှင်တပ်က ဇန်နဝါရီ ၈ ရက်မှာမီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကံရပ်ကြီးရွာကို အင်အား ၂၀၀ ကျော်ပါ စစ်ကော်မရှင်တပ်သားတွေက မနက် ၁၀ နာရီကနေ နေ့လယ် ၃ နာရီကျော်အထိမီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၅ လုံးခန့်သာ မီးမလောင်ဘဲ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

“အိမ်ခြေ ၂၀၀ ကျော်မှာ ၁၅ အိမ်လောက်ပဲကျန်တယ်။ စကမတွေက မနက် ၁၀ နာရီကျော်လောက် ကတည်းက မီးရှို့ပြီး ညနေ ၃ နာရီလောက်မှာ ပခုက္ကူနယ်ထဲက ညောင်ဂျစ်ပင်ပျူရွာကို ပြန်သွားတာ။ ရွာထဲ၀င်လည်း နေစရာမရှိ ပြာပုံဖြစ်နေတော့ အိုးမဲ့အိမ်မဲ့ နေစရာမရှိဖြစ်နေတာပေါ့ဗျာ။”လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ရွာအတွင်းကိုသေနတ်တွေပစ်ဖောက်ပြီး ဝင်ရောက်လာချိန် လမ်းသွားနေတဲ့ အသက် ၈၀ အရွယ် အဘွားအို ၁ ဦးလည်း ရုတ်တရက်လဲကျ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“သေဆုံးတဲ့အဘွားက စစ်ကြောင်းစ၀င်လာကတည်းက လန့်ပြီသေဆုံးတာပါ။ ရွာသားတွေကတော့ နေစရာလည်း မရှိတော့ဘူး။ စားစရာလည်း မရှိတော့ဘူး။ အကုန်ပါသွားတာပေါ့ဗျာ။ ဘာတခုမှ မကျန်တာ”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

လက်ရှိမှာ ကံရပ်ကြီးကျေးရွာမှ ဒေသခံပြည်သူတွေဟာ နေစရာအိမ်တွေမရှိတော့တာကြောင့် အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေရဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့လည်း သူကဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ကဖြစ်ပြီး ကံရပ်ကြီးရွာကို မီးရှို့ပြီးနောက် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာကိုဝင်ရောက်ကာ အဲဒီကနေတဆင့် ညနေ ၆ နာရီလောက်မှာ ကမ္မရဲစခန်းကိုဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် မနက် ၉ နာရီဝန်းကျင်ကလည်း မြိုင်မြိုနယ်၊ ဝယ်တောက်ရွာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဆေးပေးခန်းနဲ့ နေအိမ်အဆောက်အဦတချို့ ပျက်စီးခဲ့တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။