မြို့သစ်-ကန်ပြားလမ်းမှာ စစ်ကော်မရှင် UEC အဖွဲ့ဝင်တွေလိုက်ပါလာတဲ့ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

0 63
0 63

မြို့သစ်၊ ဇန်နဝါရီ ၇၊ ၂၀၂၆။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာအနီး၊ မြို့သစ်-ကန်ပြားလမ်းပိုင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)နဲ့ မြို့နယ်ရဲတွေ လိုက်ပါလာတဲ့ယာဥ်တန်းကိုတိုက်ခိုက်ခဲ့ရာ ရဲနဲ့ UEC ဝန်ထမ်း ၈ ဦးသေဆုံးခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန တာဝန်ရှိသူတွေထံက သိရပါတယ်။

ဇန်နဝါရီ ၆ ရက် နေ့လယ် ၁ နာရီခန့်မှာ နေပြည်တော်ဘက်ကနေ မြို့သစ်မြို့ဘက်ကို ဗွီဂို(Vigo)ကား ၄ စီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုအဖွဲ့ဝင်တွေနဲ့ မြို့သစ်မြို့နယ်ရဲတပ်ဖွဲဲ့မှူးအပါအဝင် အင်အား ၃၀ ကျော်လိုက်ပါလာတဲ့ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဘော်ဒီတွေ့ခဲ့တာ အနည်းဆုံး ၈ ဦး။ ကားနဲ့ညပ်နေတာတွေလည်း ရှိတယ်။ အချိန်မရလို့ ဆွဲထုတ်လို့မရခဲ့လိုက်ဘူး”လို့ နေပြည်တော်တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျ်ာက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း မြို့နယ်ရဲမှူး ထွန်းလင်းအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ရဲ့ ကိုယ်ရေးအရာရှိဖြစ်သူ ဦးအောင်ကျော်သူ၊ ဒုရဲအုပ် ၁ ဦးနဲ့ ရဲတပ်ကြပ် ၅ ဦး၊ စုစုပေါင်း ၈ ဦးသေဆုံးတာကို အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများပြားတယ်လို့ ဆိုပါတယ်။

“ကော်မရှင်အဖွဲ့ဝင်တွေပါလာတဲ့ ယာဥ်တန်းကို ပိတ်ဆို့ဖမ်းဆီးဖို့ပဲ။ ကားတွေက တိမ်းမှောက်တာ၊ ချောက်ထဲကျတာနဲ့ စစ်ကူလည်းမြန်မြန်ဆန်ဆန်ရောက်လာလို့ မလုပ်လိုက်ရဘူး။ ၄၀ မမနဲ့ ၁ ချက် ၂ ချက်အရင်ပစ်ပြီးမှ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ခဲ့တာ။ မိနစ် ၂၀ လောက်အတွင်းမှာ ကား ၃ စီးတိမ်းမှောက်သွားတယ်။ ၁ စီးကလွတ်မြောက်သွားတယ်”လို့ ဗိုလ်လက်ျာက ပြောပါတယ်။

စစ်ကော်မရှင်ယာဥ်တန်းထဲမှာ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုအဆင့် ကော်မတီဝင် ၂ ဦး၊ တိုင်းအဆင့် ၂ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးအဖွဲ့တွေ လိုက်ပါလာတယ်လို့ သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

အဆိုပါယာဉ်တန်းနဲ့လိုက်ပါလာသူတွေဟာ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်ကို နယ်လှည့်စစ်ဆေးဖို့ နေပြည်တော်ကနေ စေလွှတ်လိုက်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ရဲမှူး ထွန်းလင်းအောင်ဟာ ဗန်းမော်ဇာတိဖြစ်ပြီး မြို့သစ်မြို့နယ်ရဲမှူးအဖြစ် ရာထူးတိုးရောက်လာတာ ၂ လခန့်သာရှိသေးတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၇၊ တပ်ရင်း ၉၀၃ က ပြုလုပ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း G3 သေနတ် ၂ လက်၊ ကျည် ၁၆၁ တောင့်၊ ကျည်ဘောက် ၃ ခုနဲ့ စာရွက်စာတမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကော်မရှင်နဲ့ရဲအင်အား အများအပြားရောက်လာကာ သေဆုံးထိခိုက်သူတွေနဲ့ ကားတွေကို ပြန်ယူသွားပြီး သေဆုံးသူတွေကိုတော့ ဇန်နဝါရီ ၇ ရက် ဒီနေ့မှာ မြို့သစ်မြို့မှာပဲ နာရေးပြုလုပ်မယ်လို့ သိရပါတယ်။

စာတည်း- မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။