myaelatt athan

Sharing Information to the Local

ရစ်ချာစကေး ၇.၇ရှိ ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းနဲ့ မန္တလေးမြို့ရိုးအပါ အဆောက်အဦတချို့ပြိုကျ (ရုပ်/သံ)

မြေလတ်အသံ၊ မတ် ၂၈၊ ၂၀၂၅။

မတ် ၂၈ ရက် ဒီနေ့မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခန့်က စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်အပါ မြန်မာနိုင်ငံတဝန်းက မြို့အများစုမှာ အင်းအားပြင်းငလျင်လှုပ်ခဲ့ပါတယ်။

ခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ပြင်းအားဟာ အင်အားရစ်ချာစကေး ၇.၇ ရှိတယ်လို့ United States Geological Survey မှာ ဖော်ပြပါတယ်။

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ခံတဦးကတော့ “ဆင်ဖြူကျွန်းမှာလဲလှုပ်သွားတာ၊ တော်တော်လှုပ်သွားတယ်။ ၅ မိနစ်လောက်လှုပ်သွားတာ။ ဆိုင်ကယ်စီးနေတုန်းကြီးလဲသွားတာ” ငလျင်လှုပ်ခတ်ချိန်အတွင်း ကြုံခဲ့ရတဲ့ အခြေအနေကို ပြောပါတယ်။

အဲ့ဒီငလျင်ဟာ ၄ မိနစ်ခန့်လှုပ်ခဲ့ပြီး စစ်ကိုင်းတံတားဟောင်း၊ မန္တလေးမြို့ရိုး၊ သာသနိကအဆောက်အအုံတချို့နဲ့ လူနေအထပ်မြင့်တိုက်တွေ၊ အထပ်မြင့်ဟိုတယ်တွေနဲ့လမ်းတွေပျက်စီးခဲ့ပါတယ်။

“ငလျင်လှုပ်တာ မန္တလေးတော်တော်ဆိုးတယ်၊ ကျနော်တို့တောင် ကွင်းပြင်ထဲရောက်နေလို့၊ ရဲမြန်မာဟိုတယ်ဆို လုံးဝစောင်းသွားတာ ပြိုကျဖို့နည်းနည်းပဲ လိုတော့တယ်၊ ကယ်ဆယ်ရေးတွေတော့ လုပ်နေကြတယ်” မဟာအောင်မြေမြို့နယ် နေထိုင်တဲ့ အမျိုးသားတဦးက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းအတွင်းထိခိုက်သေဆုံးမှုအများဆုံးရှိနိုင်ပြီး အသေးစိတ်အခြေနေကိုတော့ မြေလတ်အသံကစုံစမ်းနေဆဲဖြစ်ပါတယ်။

အဆိုပါအင်အားပြင်းငလျင်ဟာ မြန်မာနိုင်ငံအပြင် အိမ်နီချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်းလှုပ်ခတ်ခဲ့ပြီး ချင်းမိုင်၊ ဘန်ကောက်မြို့တွေကအထပ်မြင့်တိုက်တွေ၊ ဆောက်လုပ်လက်စ အထပ်မြင့်အဆောက်အဦတွေ ပြိုကျကာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

သတင်း – မင်းခန့်၊တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။