ချယ်ဆီးလ်ပိုင်ရှင်သစ်လက်ထက် ၃ နှစ်အတွင်း စတုတ္ထမြောက်နည်းပြဖြစ်လာတဲ့ လီယမ် ရိုဆင်းနီးယား (အားကစားသတင်း)

0 8
0 8

မြေလတ်အသံ၊ ဇန်နဝါရီ ၆၊ ၂၀၂၅။

ချဲလ်ဆီးအသင်းပိုင်ရှင်သစ် BlueCo 22 Ltd ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလက်ထက် ၃ နှစ်ကျော်ကာလအတွင်း စတုတ္ထမြောက်နည်းပြအဖြစ် လီယမ် ရိုဆင်းနီးယား(Liam Rosenior) ကို ၂၀၃၂ ခုနှစ်အထိ သက်တမ်းရှိတဲ့ ၆ နှစ် စာချုပ်နဲ့ ခန့်အပ်လိုက်ပြီလို့ သိရပါတယ်။

ရုရှားဘီလီယံနာသူဌေးကြီး ရိုမန် အေဘရာမိုဗစ် ဆီကနေ ချဲလ်ဆီးအသင်းကို BlueCo 22 Ltd ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ၂၀၂၂ ခုနှစ် မေလမှာ ဝယ်ယူခဲ့ပြီးတဲ့နောက် ငွေကြေးအမြောက်အမြားသုံးစွဲထားပေမယ့် ကွင်းတွင်းရလဒ်တည်ငြိမ်ဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး မကြာခဏ နည်းပြအပြောင်းအလဲ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

အရင်က ဒါဘီကောင်တီ၊ ဟူးလ်စီးတီးတို့ကို တာဝန်ယူခဲ့ဖူးပြီး လက်ရှိမှာ ပြင်သစ်လီဂူးကလပ် စထရာဘိုး ကို ကိုင်တွယ်နေတဲ့ အသက် ၄၁ နှစ်အရွယ် အင်္ဂလန်သားဟာ နှစ်သစ်ကူးနေ့မှာ အသင်းနဲ့လမ်းခွဲလိုက်တဲ့ အန်ဇို မာရက်စကာနေရာကို ဆက်ခံသွားမှာဖြစ်ပါတယ်။

“ကျနော် ရှေ့ဆက်မယ့် အနာဂတ်အတွက် အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ ဘဝတခုလုံး နည်းပြတယောက် ဖြစ်လာဖို့အတွက်ပဲ ရည်မှန်းကြိုးစားခဲ့တာဖြစ်ပြီး အခုလို ကမ္ဘာ့အဆင့်မီ ဘောလုံးကလပ်တခုမှာ ဒီလိုအခွင့်အရေးမျိုး ရရှိတာဟာ ကျနော် အမြဲတမ်း အိမ်မက်မက်ခဲ့ရတဲ့ အရာပါပဲ။” လို့ စထရာဘိုးအသင်းနဲ့ နှုတ်ဆက်ပွဲမှာ လီယမ် ရိုဆင်းနီးယားက ဆိုပါတယ်။

ချဲလ်ဆီး ပိုင်ရှင်သစ် BlueCo လက်ထပ် ၂၀၂၂ နောက်ပိုင်းမှာ နည်းပြတွေအဖြစ် ဂရေဟမ်ပေါ်တာ၊ ပိုချက်တီနို၊ အန်ဇိုမာရက်ဇ်ကာတို့ ၃ ဦးကို ခန့်အပ်ခဲ့ပြီး ရိုဆင်းနီးယား ဟာ ချဲလ်ဆီးရဲ့ စတုတ္ထမြောက်နည်းပြ ဖြစ်လာခဲ့တာကြောင့် ပျမ်းမျှ ၁ နှစ်ကို နည်းပြ ၁ ဦးနှုန်း ပြောင်းလဲခန့်အပ်နေတာလည်း ဖြစ်ပါတယ်။

BlueCo ပိုင်ရှင်လက်ထပ် ချဲလ်ဆီးအသင်း ဆုဖလားအောင်မြင်မှုအဖြစ် ၂၀၂၅ ခုနှစ်မှာ ကွန်းဖရန့်လိဂ်ဖလားနဲ့ ကမ္ဘာ့ကလပ်များဖလားတို့ကို အန်ဇိုမာရက်ဇ်ကာ က ရယူပေးခဲ့ပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ် အဆင့် ၅ နေရာနဲ့ ချန်ပီယံလိဂ် အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးကို ရိုဆင်းနီးယားက ဘယ်လောက်အထိ မြှင့်တင်ပေးနိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

BlueCo 22 Ltd ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကပဲ ပိုင်ဆိုင်တဲ့ ပြင်သစ်လီဂူးကလပ် စထရာဘိုးအသင်းကနေပြောင်းရွှေ့လာသူ နည်းပြသစ် ရိုးဆင်းနီးယားကတော့ “ဒီကလပ်(ချဲလ်ဆီး)နဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတွေ ရရှိလာစေဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ”လို့ ပြောဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။