ဖမ်းဆီးပြီးစစ်သင်တန်းပို့လိုက်ရာက စစ်ကောင်စီတပ်သားသစ်ဖြစ်လာသူ ဘက်ပြောင်းခိုလှုံ

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းရွာစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားအောင်တင်မြင့်ဟာ ထန်းပင်ကုန်းရွာစစ်ဆေးရေးဂိတ်ကိုရောက်ရှိပြီး ၄ ရက်အကြာ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၀ နာရီလောက်မှာ ထွက်ပြေးအလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

“သူ့ကို ကင်းမှူးအနေနဲ့တာဝန်ပေးထားပြီး မနက် ၆ နာရီကနေ ညနေ ၁၀ နာရီအထိကင်းစောင့်ရတာ။ တောထဲမှာ ကျနော်တို့ရှိတယ်ဆိုပြီး ထွက်ပြေးလာရင်းကနေ ရဲဘော်တွေနဲ့တွေ့လို့ အလင်းဝင်လာတာပါ၊ သူ့အနေနဲ့ တော်လှန်ရေးမှာပါဝင်သွားဖို့ဆန္ဒရှိနေပါတယ်။ AA နဲ့ ချိတ်ဆက်ရရင် အဲ့ကိုသွားချင်ပါတယ် ပြောပါတယ်။” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူက ပြောပါတယ်။

တပ်သားအောင်တင်မြင့်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလမှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကနေ ရန်ကုန်ကိုလာစဉ် အုတ်ဖိုတာဆုံစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရပြီး စစ်မှုထမ်းအပတ်စဉ် ၆ အတွက် ဂျိုးဖြူ အမှတ် (၂) စစ်သင်တန်းကျောင်းကိုအပို့ခံလိုက်ရပြီးနောက်မှာ စစ်ကောင်စီတပ်သားဖြစ်လာတာလို့ ဆိုပါတယ်။

“သူ့ကို အုတ်ဖိုတာဆုံဂိတ်က စခ တွေဖမ်းတုန်းက စစ်မှုမထမ်းရင် ထောင် ၅ နှစ်ချမယ်ဆိုလို့ တပ်ထဲဝင်တယ်ပြောပါတယ်။ စစ်တပ်ထဲဝင်ရင် ရှေ့တန်းမှာထွက်ပြေးဖို့အဲ့ကတည်းက ဆုံးဖြတ်ထားတယ် ပြောတယ်” လို့ တပ်သားအောင်တင်မြင့်ရဲ့ပြောပြချက်ကို ကိုးကားပြီး အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဟာ ဖေဖော်ဝါရီ ၄ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ စင်မြင့်ရွာ အနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ၊ ၁၅ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။