စလင်းမှာ ၃ ရက်ဆက်ပစ်ခတ်မှုတွေဖြစ်ပြီး ဒေသခံ ၁၅၀၀ ကျော်စစ်ရှောင်နေရ

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပြောင်းခင်းမြောက်ရွာနဲ့ ကျွန်းချောင်းရွာအနီးမှာ ဖေဖော်ဝါရီ ၁၇ ရက်ကစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ဒေသခံ ၁,၅၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ကပစ ၂၁ ကထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၇ ရက်ညနေ ၄ နာရီကျော်မှာ ပြောင်းခင်းမြောက်ရွာအနီးကိုလာချိန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် အဲ့ဒီရွာထဲကနေအိမ်တွေကိုမီးရှို့ခဲ့ပြီး ညအိပ်တပ်စွဲခဲ့ပါတယ်။

အဲ့ဒီနောက်ဖေဖော်ဝါရီ ၁၈ ရက်မနက်ပိုင်းမှာလည်းပြောင်းခင်းမြောက်ရွာကို မီးထပ်ရှို့ပြီး ရွာနဲ့ ၁ မိုင်ခန့်အကွာက ကျွန်းချောင်းရွာကိုသွားချိန် နောက်ထပ်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၉ ရက်ဒီမနက် ၇ နာရီခန့်မှာလည်း ကျွန်းချောင်းကျေးရွာအနီးမှာ လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေထပ်မံဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့အဖွဲ့တွေနဲ့ လက်နက်ကြီးအပြန်အလှန်ပစ်နေတာကတော့ အခုချိန်ထိပစ်နေကြတုန်းပဲ။ ရွာထဲကိုတော့ နယ်မြေရှင်းလင်းရေး မဝင်ရသေးဘူး။ စစ်ကောင်စီကလည်း အဲ့နားတဝိုက်မှာ ရှိနေသေးတယ်။ သူတို့(စကစ)လည်းလက်နက်ကြီးကို အရှေ့ကပစ်လိုက် အနောက်ကပစ်လိုက် ပစ်နေသေးတယ်။ “လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခုလိုပစ်ခတ်မှုတွေဖြစ်နေပြီး စစ်ကောင်စီကလည်း စစ်ကြောင်းထိုးနေတဲ့အတွက် အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိတဲ့ ပြောင်းခင်းမြောက်ရွာ၊ ပြောင်းခင်းတောင်ရွာ၊ ကျွန်းချောင်း၊ ညောင်ဇင်၊ ရွာသစ်၊ ပုလာ၊ မြို့အိုကျေးရွာတွေက ဒေသခံ ၁,၅၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုတွေအတွင်းထိခိုက်သေဆုံးမှုအခြေအနေတွေနဲ့ ပြောင်းခင်းမြောက်ရွာမီးရှို့ဖျက်ဆီးခံရမှု အခြေအနေကိုတော့ မြေလတ်အသံကအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကလည်း စလင်းမြို့နယ်၊ လင်ဇင်းတိုက်နယ်၊ အုန်းတောကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာကိုမီးရှို့လို့ အနီးကျေးရွာတွေက ဒေသခံ ၄,၀၀၀ ကျော်ထွက်ပြေးခဲ့ရသေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။