စျေးကျအရှုံးပေါ်ခဲ့လို့ ယင်းမာပင်က တောင်သူတွေ ကြက်သွန်လျှော့စိုက်လာ

0 2
0 2

ယင်းမာပင်၊ ဇန်နဝါရီ ၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ ကြက်သွန်စျေးတွေကျဆင်းပြီး အရှုံးပေါ်ခဲ့တာကြောင့် ယခုနှစ် ကြက်သွန်စိုက်ပျိုးချိန်မှာ လျှော့ချစိုက်ပျိုးလာကြတယ်လို့ ကြက်သွန်စိုက်တောင်သူတွေဆီက သိရပါတယ်။

ယင်းမာပင်ခရိုင်အတွင်းက ဆားလင်းကြီး၊ ပုလဲ၊ ကနီနဲ့ ယင်းမာပင်မြို့နယ်တွေမှာ ဒီဇင်ဘာလ ဒုတိယပတ်ကစတင်ကာ ကြက်သွန်စိုက်ပျိုးနေကြပြီး ယမန်နှစ်ကြက်သွန်ပေါ်ချိန် စျေးတွေအဆမတန် ကျဆင်းတာကြောင့် အခုလိုလျှော့ချစိုက်ပျိုးလာတာလို့ ဆိုပါတယ်။

“ရှုံးတယ်ဆိုတာတော့ အရင်းကို ပြန်မရတာ၊ ကိုယ်လုပ်ထားတဲ့ အရင်းအနှီးကို ပြန်မရတော့ ရှုံးတာပေါ့၊ ၁၀ ကုန်ထားရင် ၁၀ ကို ပြန်မရတာ။ ဈေးနှုန်းကတော့ ၁၀(သိန်း)လောက်ရင်းရင် ၃ သိန်း၊ ၂ သိန်းလောက်ပဲ ပြန်ရတာ” လို့ ယင်းမာပင်ဒေသကြက်သွန်စိုက်တောင်သူတဦးက ပြောပါတယ်။

ကြက်သွန်စျေးနှုန်းဟာ ရိတ်သိမ်းပြီးစအချိန် ယမန်နှစ်ဧပြီလမှာ ၁ ပိဿာ ၁၇၀၀ ကျပ်နှုန်းသာ ရောင်းချခဲ့ရပြီး အဲ့ဒီနောက် မေလကစတင်ကာ ကျပ် ၇၀၀ အထိကျဆင်းခဲ့ကာ အနိမ့်ဆုံးဈေး ၂၀၀ ကျပ် ထပ်မံကျဆင်းခဲ့တာပါ။

မုံရွာနဲ့ ယင်းမာပင်ဒေသထွက် ပုံမှန်ကြက်သွန်စျေးနှုန်းဟာ ကျပ် ၄၀၀၀ ဝန်းကျင်ရှိပေမယ့် ယမန်နှစ်စျေးနှုန်းဟာ ပုံမှန်ထက်ဝက်ကျော်ကျဆင်းခဲ့တာလို့ တောင်သူတွေနဲ့ကြက်သွန်ကုန်သည် အသိုင်းအဝိုင်းဆီက သိရပါတယ်။

“ကြက်သွန်က ၁၅၀၀ စျေးလောက်ဆိုရင်အရင်းရတယ်။ မရှုံးဘူး၊ အဲ့ထက်စျေးများရင်တော့ အမြတ်ထွက်တာပေါ့၊ မနှစ်ကတော့ရှုံးကြတယ်။ ယမားချောင်း သဲသောင်ပြင်တွေမှာ ထွန်ယက်ပြီး စိုက်ကြတယ်၊ ၂ တာလောက်စိုက်တာကိုမှ ၂ သောင်း၊ ၃ သောင်းလောက်ပဲ ပြန်ရလို့ဆိုပြီးတော့ စိတ်ညစ်သွားတဲ့ တောင်သူတွေဘာတွေရှိတယ်။ ဒီနှစ် ယမားချောင်းသောင်ပြင်မှာလည်း သိပ်ပြီး မစိုက်ကြတော့ဘူး။ ကြက်သွန်မနှစ်က စစနှုတ်ပြီးချင်းမှာတော့ ၁၇၀၀ စျေးလောက်နဲ့ အစိုချိန်ရောင်းရတယ်။ နောက်ပိုင်းကျတော့ စျေးကမရှိတော့ဘူး၊ လုံးဝထိုးကျသွားတယ်၊” လို့ ဆားလင်းကြီးဒေသခံတဦးက ပြောပါတယ်။

ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲနဲ့ ကနီမြို့နယ်တွေက တောင်သူတွေဟာ ဒေသထွက်ကုန်တွေကို မုံရွာမြို့ကို အဓိကတင်ပို့ရတာဖြစ်ပြီး စျေးကျဆင်းမှုတွေအပြင် ကြက်သွန်အရည်အသွေးထက် နိမ့်ပါးတဲ့ စျေးနှုန်းတွေနဲ့ ဈေးနှိမ်ခံရတာတွေလည်းရှိတယ်လို့လည်း ဆိုပါတယ်။

“ တင်ပို့ရတာကတော့ ဟိုရောက်သွားမှတော့ သူတို့ဖြတ်တဲ့ဈေးလေ၊ ကိုယ်က ဒီကနေ ကိုယ့်(ကြက်သွန်)ဥက ၃၅၀(ဈေး)လောက်ဆို ဟိုမှာက ၂၀၀(ဈေး) လောက်ဆိုလည်း ထားခဲ့ရမှာပဲ၊ အဲ့လိုမျိုးတွေ ရှိတယ်။”လို့ ယင်းမာပင်ဒေသကြက်သွန်စိုက်တောင်သူတဦးက ပြောပါတယ်။

ယခင်နှစ်ကြက်သွန်ဈေးအဆမတန်ကျဆင်းခဲ့တာအပြင် စိုက်ပျိုးစရိတ်၊ ဆေးဝါး၊ မြေဩဇာအပါအဝင် အခြားသွင်းအားစုတွေရဲ့ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ယခုနှစ်မှာ ယင်းမာပင်ခရိုင်အတွင်း ကြက်သွန်စိုက်သူလျော့နည်းလာပြီး စိုက်ပျိုးသူတွေမှာလည်း ယခင်နှစ်ထက် ၃ ပုံ ၂ ပုံ ခန့် လျှော့ချစိုက်ပျိုးလာတယ်လို့ သိရပါတယ်။

“အခြေအနေကတော့ ၃ပုံ ၂ပုံလောက် လျော့တယ်၊ ၁ပုံလောက်ပဲ (ဒီနှစ်)စိုက်တာ။ စျေးကွက်ရော၊ အဓိကကတော့ ဈေးကွက်ပဲ၊ ဆေးကတော့ ဒီတိုင်းပါပဲ၊ ဆေးတွေကတော့ အရင်နှစ်တွေကလည်း တန်(များ)တာပဲ၊ ဒီတိုင်းပဲ။” လို့ အထက်ပါကြက်သွန်စိုက်တောင်သူက ပြောပါတယ်။

လက်ရှိအချိန် မုံရွာမြို့က ကြက်သွန်ပွဲရုံတွေမှာ ပေါက်ဈေး ၂၀၀၀ ဝန်းကျင်ရှိပြီး ကြက်သွန်မစိုက်တော့တဲ့ တောင်သူတွေဟာ စိုက်ပျိုးစရိတ်အနည်းငယ်သာကုန်ကျတဲ့ကုလားပဲကို အစားထိုးစိုက်ပျိုးနေကြတယ်လို့လည်း ဆိုပါတယ်။

၂၀၂၅ မိုးရာသီနှောင်းပိုင်းနဲ့ ဆောင်းဦးကာလအထိ မိုးအဆက်မပြတ်ရွာသွန်းတာတွေကြောင့် တောင်သူတွေရဲ့ ကြက်သွန်အပါ စပါး၊ နှမ်းနဲ့ ပဲတီစိမ်းစိုက်ခင်းတွေလည်း ပျက်စီးခဲ့ရပြီး တောင်သူအများစုအရှုံးပေါ်ခဲ့ကြတယ်လို့ စစ်ကိုင်းတိုင်းတောင်သူတွေဆီက သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။