မန္တလေး၊ မေ ၂၈၊ ၂၀၂၃။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆယ်ပယ်ကျေးရွာမှာ ယာဥ်ထိန်းရဲတပ်ကြပ်ကြီးတဦးကို မေလ ၂၇ ရက်ညနေ ၄ နာရီခန့်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
အသတ်ခံရသူမှာ မတ္တရာမြို့ပေါ်မှာ တာဝန်ကျနေတဲ့ ယာဥ်ထိန်းရဲတပ်ကြပ်ကြီး အောင်ကျော်မျိုးဖြစ်ပြီး သူ့ရဲ့နေအိမ်ကို ပြန်လည်ရောက်ရှိနေချိန် သေနတ် ၈ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ယူနီကွန်း ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“သူ့နေအိမ်ကို ခွင့်မရပဲ ခိုးပြန်လာတာ။ သူ့အိမ်ထဲမှာ သူ့မိန်းမနဲ့ကလေးတွေရှိနေလို့ အပြင်ခေါ်ထုတ်သွားပြီး ရှင်းလင်းခဲ့တာပါ။ သူ့ဆီက သူ့ဖုန်းတလုံးပဲသိမ်းပြီး ကျန်တာဘာမှမယူခဲ့ပါဘူး။ သူ့မှာ ကားပါပါတယ်။ သူ့မိန်းမနဲ့ကလေးတွေကို ဘာမှမလုပ်ခဲ့ပါ”လို့ ပြောပါတယ်။
ယာဉ်ထိန်းရဲတပ်ကြပ်ကြီး အောင်ကျော်မျိုးဟာ သူတာဝန်ကျတဲ့ လမ်းပိုင်းတွေမှာ ပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းသယ်ဆောင်မှုတွေမှာ စစ်ကောင်စီထံသတင်းပေး ဝိုင်းဝန်းဖမ်းဆီးတာတွေလုပ်ဆောင်နေတကြောင့် အခုလိုရှင်းလင်းခဲ့ရတာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
သေနတ်နဲ့ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး အောင်ကျော်မျိုးမှာ နေရာမှာတင်သေဆုံးခဲ့ပြီးနောက် သူ့ရဲ့ရုပ်အလောင်းကို စစ်ကောင်စီတပ်သားတွေက မတ္တရာမြို့ပေါ်က ဆေးရုံကိုသယ်ယူသွားခဲ့ကြတယ်လို့ သိရပါတယ်။
စာတည်း – ရင်ငြိမ်း