အောင်လံမှာ အမျိုးသမီး ၁ ဦးနဲ့ အုပ်ချုပ်ရေးမှူး ၁ ဦးအသတ်ခံရ

0 35
0 35

မြေလတ်အသံ၊ ဇန်နဝါရီ ၄၊ ၂၀၂၅။

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အမျိုးသမီး ၁ ဦး ပစ္စည်းလုအသတ်ခံရပြီး စစ်ကော်မရှင်ခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁ ဦးလည်း ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူမှာ ပြကြီးကျေးရွာမှ အသက် ၆၀ နှစ်အရွယ်ရှိတဲ့ ဒေါ်မညွန့်ကြည်နဲ့ မိုးကောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး အသက် ၄၀ အရွယ် ဦးမင်းမင်းတို့ဖြစ်ပါတယ်။

ဒေါ်မညွန့်ကြည်ဟာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်နေသူတဦးဖြစ်ပြီး ဦးခေါင်းနဲ့ နံရိုးတို့မှာ ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ရုပ်အလောင်းကို ပြလို့ကျေးရွာရှိ ဘုရားကိုးဆူရဲ့ တောင်ဘက်လမ်းကြားမှာ ဇန်နဝါရီ ၃ ရက်မနက်ပိုင်းက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“သူ(ဒေါ်မညွန့်ကြည်)ကတော့ ဒလန်မဟုတ်ဘူးဗျ။ လုယက်ခံရပြီး အသတ်ခံရတာပါ။ သူ့ရဲ့ အလောင်းကို က ပြလို့ရွာမှာ ရွာသားတွေတွေ့တာ။ မိသားစုပြောတာကတော့ အလောင်းမှာ နားကပ်၊ ဆွဲကြိုး၊ လက်စွပ်၊ ပိုက်ဆံထုတ်နဲ့ ဖုန်းမတွေ့ရဘူးတဲ့။ ပစ္စည်းတွေပျောက်နေတော့ လုယက် အသတ်ခံရတာလို့ ယူဆကြတာ”လို့ အောင်လံမြို့ မြေပြင်စစ်ရေးသတင်းအဖွဲ့မှ အမျိုးသားတဦးက ပြောပါတယ်။

ဒေါ်မညွန့်ကြည်ရဲ့ ရုပ်အလောင်းကို ပြလို့ရွာရဲစခန်းမှ ရဲသားတွေယူဆောင်ခဲ့ပြီးနောက် ရဲစခန်းကနေတဆင့် သူမရဲ့မိသားစုတွေက အလောင်းကိုလာယူခဲ့ကြတယ်လို့ သိရပါတယ်။

မိုးကောင်းကျေးရွာက အုပ်ချုပ်ရေးမှူး ဦးမင်းမင်းကတော့ ဇန်နဝါရီ ၃ ရက် နေ့လယ် ၁ နာရီကျော်မှာ ရွာရှိအလယ်တန်းကျောင်း(ခွဲ)မှာ ပညာရေးစုံညီပွဲတော်ကျင်းပနေချိန် လက်နက်ကိုင်လူတစုက ပွဲအတွင်းဝင်ရောက်ကာ ပစ်သတ်ခံတာလို့ ဆိုပါတယ်။

“ပစ်ခတ်ခဲ့သူတွေက သေနတ် ၅ ချက်ဖောက်ခဲ့တာဆိုတော့ စုံညီပွဲပျက်တယ်တဲ့။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရပါ။ စပစ်တော့ လက်ကိုရှပ်ထိတော့ ထွက်ပြေးတဲ့အချိန် ခုံနဲ့တိုက်ပြီးလဲတာမှာ ၅ ချက်လောက်ထပ်အပစ်ခံရတယ်တဲ့။ ရွာကအကုန် စစ်တပ်ထောက်ခံတယ်လို့တော့ ပြောလို့မရဘူး။ ရွာနားမှာက အောင်လံမြို့မြောက်ဘက် မြို့အဝင်ဂိတ်ရှိတော့ ဒီကောင်ကထောင်(လွှား)တယ်။ သူက သိုင်းတတ်တယ်လည်း ပြောကြတယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

မိုးကောင်းကျေးရွာဟာ အောင်လံမြို့နဲ့ ၂ မိုင်သာကွာဝေးတာကြောင့် ဦးမင်းမင်းဟာ မြို့မြောက်ဘက်ရှိ ဂိတ်စခန်းမှ စစ်ကော်မရှင်တပ်သားတွေနဲ့ပူးပေါင်းကာ ရွာကနေစစ်မှုထမ်းကောက်ခံတာ၊ လူငယ်တွေကို ပေါ်တာဆွဲဖမ်းတာတွေ လုပ်ဆောင်နေသူတဦးဖြစ်တယ်လို့ သူကဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမင်းမင်း ပစ်သတ်ခံရပြီးနောက် ပညာရေးစုံညီပွဲတော် ပွဲပျက်ခဲ့ပြီး အခင်းဖြစ်နေရာကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရောက်လာတာမရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။