ရေစကြိုနယ်ထဲကရွာတွေကို စစ်ကြောင်း ၂ ကြောင်းခွဲပြီးမီးရှို့နေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

0 2
0 2

မကွေး၊ မေ ၂၇၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်က ကျေးရွာနေအိမ်တွေကို မေလ ၂၇ ရက် ဒီနေ့မနက်ပိုင်း မှာ စစ်အုပ်စုက စစ်ကြောင်း ၂ ကြောင်းခွဲပြီး မီးရှို့နေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

အင်အား ၈၀ ခန့်ပါ စစ်ကြောင်းက ဒီနေ့မနက်အစော ၅ နာရီခွဲလောက်ကစပြီး မြေတောရွာက နေအိမ်တွေကိုဝင်ရောက်မီးရှို့သွားခဲ့ပြီးနောက် အဲဒီရွာနဲ့ ရွာနားနီးစပ်တွေဖြစ်တဲ့ ဘိစပ်ကုန်းရွာ ၊ ဆည်းသည့်ရွာ ၊ မြေစွန်းရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တဦးက မြေလတ်အသံကိုပြောပါတယ်။

အလားတူ နောက်ထပ်စစ်ကြောင်းတကြောင်းဟာလည်း ရေစကြိုမြို့နယ်ထဲက ရေယှားကျေးရွာကို ဒီကနေ့မနက် ၈ နာရီလောက်မှာဝင်ရောက်မီးရှို့ခဲ့ပြီး နေ့လယ် ၁၁ နာရီကျော်လောက်မှာတော့ အဲဒီရွာနဲ့ မိုင်ဝက်လောက်ဝေးတဲ့ နန်းဦးရွာထဲကိုဝင်ရောက်သွားပြီး အဲဒီရွာကနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

“အနောက်ဘက်ချင်းတွင်းမြစ်ဘက်ကလာတဲ့ စစ်ကြောင်းတကြောင်းနဲ့ ဧရာဝတီမြစ်ဘက်ကနေလာတဲ့ စစ်ကြောင်းပါ။ ဒီမနက်အထိမီးလောင်သွားတဲ့ အိမ်ခြေတွေကို မသိရသေးဘူး။ ရေယှားရွာကတော့ ၂၀၀ ဝန်းကျင်လောက် မီးထဲပါသွားတယ်လို့တော့ကြားရတယ်။ အတည်တော့မပြုနိုင်သေးဘူး ရွာသားတွေလည်း ရွာနားကိုဘယ်သူမှမကပ်ရဲသေးဘူး ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာနေအိမ်တွေကို ဝင်ရောက်မီးရှို့နေတာကြောင့် မီးရှို့ခံရတဲ့ မြေတောရွာ၊ ရေယှားရွာတွေ အပါအဝင် ၊ နန်းဦးရွာ ၊ ကိုင်းရွာ ၊ ငတမျှော်ရွာ ၊ မြေတောရွာ၊ ဘိစပ်ကုန်းရွာ၊ မြေစွန်းရွာ အစရှိတဲ့ကျေးရွာထဲက ဒေသခံပြည်သူ ၅၀၀၀ ကျော်ဟာ နီးစပ်ရာကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မေလ ၂၆ ရက်နေ့မနေ့ကလည်း ရေစကြိုမြို့နယ်၊ မိဖုရားကျေးရွာက နေအိမ် ၄ လုံး နဲ့ ပဲမှော်စင်တလုံးကို မီးရှို့ဖျက်ဆီးသွားတဲ့အပြင် စစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးသေဆုံး ပြီး အမျိုးသား ၁ ဦိးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

စာတည်း- ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။