ပုလဲ၊ နှောကန်ရွာ မီးဘေးသင့်ဒေသခံတွေကို ကျပ်သိန်း ၄၀ ခန့်တန်ဖိုးရှိ စားသောက်ကုန်တွေထောက်ပံ့

0 1
0 1

စစ်ကိုင်း၊ မေ ၂၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ နှောကန်ကျေးရွာက မီးဘေးသင့်ပြည်သူတွေဆီ အလှူရှင်ပြည်သူတွေကလှူဒါန်းထားတဲ့ပစ္စည်းတွေကို မေလ ၂၆ ရက်နေ့က သွားရောက်ပေးအပ်ခဲ့တယ်လို့ ပုလဲမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကသိရပါတယ်။

မီးဘေးသင့်ပြည်သူတွေအတွက် သိန်း ၄၀ခန့်တန်ဖိုးရှိ ဆန် ၊ ဆီ ၊ အဝတ်အထည် ၊ ကျောင်းသုံးဗလာစာအုပ် ၊ တာပေါ်လင်မိုးကာစ စတဲ့ပစ္စည်းတွေလှူဒါန်းပေးခဲ့တာဖြစ်ပြီး အလှူရှင်တွေကိုယ်စား ပုလဲမြို့ နယ်ပအဖခေါင်းဆောင်နဲ့အဖွဲ့ဝင်များ၊ လူသားချင်းစာနာမှုကူညီရေးတာဝန်ခံတို့က သွားရောက်လှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။

ဓာတ်ပုံ – ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။

“ကျနော်က နှောကန်ရွာမီးရှို့ဒဏ်ခံခဲ့ရတဲ့ပြည်သူတယောက်ပါ။ ရွာကို စစ်**တွေလာပြီးတော့ တရွာလုံး နီးပါးပြာကျအောင်မီးရှို့သွားခဲ့တာ။ပုလဲမြို့နယ်ပအဖ၊ပကဖနဲ့အလှူရှင်တွေကဝိုင်းဝန်း ကူညီလှူဒါန်းပေး ထားလို့ လောလောဆယ်ကျနော်တို့စားဝတ်နေရေးအဆင်ပြေနေပါတယ်” လို့ မီးဘေးသင့်ရွာခံ အမျိုးသားတဦးကပြောပါတယ်။

နှောကန်ကျေးရွာမှာ အိမ်ထောင်စု ၁၃၆ စုရှိပြီး ဧပြီလ ၂ ရက်၊ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်စီးခဲ့လို့ အိမ်ထောင်စု ၁၀၄ စု မီးဘေးသင့်ခဲ့ရတာဖြစ်ကာ ဧပြီလ ၂၄ ရက်နဲ့ မေလ ၁၂ ရက်နေ့တွေမှာလည်း ၂ ကြိမ်သွားရောက်လှူဒါန်းပေးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။

မေလ ၁၂ ရက်နေ့မှာဘဲ ပုလဲမြို့နယ်အတွင်း မီးဘေးသင့်တဲ့ရွာတွေဖြစ်တဲ့ မင်းတိုင်ပင် ၊ နှောရိုး ၊ ကိုင်းတွင်း ၊ တုံးကန် ၊နွယ်အင်း ကျေးရွာတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ လူသားချင်းစာနာထောက်ထားခြင်းနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနတို့က တရွာကို ၄ သိန်းကျပ်နှုန်း ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။