ဆင်ဖြူကျွန်း၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၅။
မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်၊ ချောင်းဖြူရွာနဲ့ နတ်စင်ရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲပစ်ခတ်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါပစ်ခတ်နေတယ်လို့ ဆင်ဖြူကျွန်းမြို့ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၃၁ ရက် ဒီနေ့လယ် ၂ နာရီဝန်းကျင်မှာ အထက်ပါရွာ ၂ ရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၆ လုံးကြဲချပြီးပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“အခုမြစ်ထဲကနေ ချောင်းဖြူရွာဘက်ကို လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်နေတာ၊ ၃ လုံးရှိသွားပြီ၊ စောစောကလည်း ဂျက်ဖိုက်တာနဲ့ လာကြဲသွားတယ်။ ဂျက်ဖိုက်တာနဲ့ ၆ လုံးကြဲတာ၊ ချောင်းဖြူရွာဘက် ၄ လုံး နတ်စင်ရွာဘက် ၂ လုံးကြဲသွားတာ၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး၊” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။
ချောင်းဖြူရွာမှာ အိမ်ခြေ ၆၀၀၊ အိမ်ထောင်စု ၆၀၀၊ နတ်စင်ရွာမှာ အိမ်ခြေ ၁၀၀၊ အိမ်ထောင်စု ၁၀၀ ရှိပြီး အားလုံးကဘေးလွတ်ရာတောထဲမှာ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
ဆင်ဖြူကျွန်းမြို့မှာ ဒီဇင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် တိုက်ပွဲငြိမ်သက်ခဲ့ရာက ဒီဇင်ဘာ ၃၀ ရက်မနေ့ကည ၇ နာရီကနေ ၁၁ နာရီခွဲအထိ ဆင်ဖြူကျွန်းမြို့အနီး နွယ်တမယ်တံတားရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေပစ်ခတ်မှုပြန်ဖြစ်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တဲ့ ဒီဇင်ဘာ ၂၃ ရက်ကစလို့ စစ်ကော်မရှင်ဘက်က နေ့စဥ်နီးပါးလေကြောင်းနဲ့ လက်နက်ကြီးကို အလွန်အကျွံပစ်ခတ်နေတာကြောင့် နေအိမ်ပျက်စီးမှုနဲ့ ဒေသခံထိခိုက်မှုတွေရှိခဲ့ပါတယ်။
လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်က မဟာစေတီလှဘုရားမှာ လက်နက်ကြီးတပ်ဆင်ထားကာ၊ အသိရိဘုရားအနီးနဲ့ ဆင်ဖြူကျွန်းရဲစခန်းမှာလည်း တပ်စွဲထားတယ်လို့ သိရပါတယ်။
စာတည်း – လင်း