ဗန်းမောက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများဟုဆို

0 1
0 1

စစ်ကိုင်း၊ မေ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်နဲ့ မံထွန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ PDF တို့ ၅ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ဦးခန့် သေဆုံးခဲ့တယ်လို့ Banmauk Revolution-BR မှတာဝန်ရှိသူက ပြောပါတယ်။

ကြောင်လည်ရွာထဲမှာ အင်အား ၃၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ SNA (Shan Ni Army) ပူးပေါင်းအဖွဲ့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၂၀ ရက် မနက် ၁၀ နာရီကနေ ၂၄ရက် မနက်ပိုင်းအချိန်အထိ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“အပြန်အလှန်ပစ်ခတ်နေတဲ့အချိန်မှာ စကစဘက်ကကျသွားတဲ့ အကောင်တွေလည်းရှိတယ်။ တိုက်ပွဲဖြစ်ပြီးလို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ စကစတွေရဲ့အလောင်းတွေ၊ အင်္ကျီတွေ၊ လက်နက်၊ ခဲယမ်းတွေကို သိမ်းဆည်ရထားတယ်ဗျ။ လက်နက်ပစ္စည်းအရေအတွက်ကတော့ ကျနော့်ဆီ စာရင်းမရောက်သေးဘူး။ စကစဘက်ကကျတဲ့အထဲမှာ ဗိုလ်ကြီးတကောင်လည်းပါတယ်” လို့ Banmauk Revolution-BR မှတာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိမှာ ဗန်းမောက်မြို့နယ်ကို စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထားတာကြောင့် တိုက်ပွဲအတွင်း သိမ်းဆည်ရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတွေရဲ့ အလောင်းတွေကို သက်သေအဖြစ်ချပြလို့ မရနိုင် သေးဘူးလို့ သူကဆက်ပြောပါတယ်။

ဗန်းမောက်မြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာ ကြောင့် မေ ၂၂ ရက်မှာ စစ်ကောင်စီဘက်က တိုက်လေယာဉ် ၂ စီးနဲ့ တိုက်ပွဲဖြစ်ရာ အနီးဝန်းကျင်ကို ဗုံးကြဲခဲ့တာကြောင့် PDF ဘက်က ရဲဘော် ၇ ဦး ဗုံးစတွေမှန်ပြီး အသက်အန္တရာယ်မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် Local PDF အဖွဲ့ ၂၀လောက်က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုတွေရှိတာကြောင့် မနေ့က မေ ၂၄ ရက်မှာ မူလအထိုင်ချရာ ကြောင်လည်ရွာ အနီးက စခန်းကို စွန့်လွှတ်ကာ အဲဒီရွာရဲ့ အနောက်ဘက် ၂ မိုင်ခန့်အကွာမှရှိတဲ့ ဘုရားတောင်ပေါ်ကို ပြောင်းရွှေ့ တပ်စွဲသွားတယ်လို့ ဆိုပါတယ်။

ဗန်းမောက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေတာကြောင့် အင်းတော်ဘက်မှ စစ်ကောင်စီစစ်ကြောင်းက စစ်ကူလာရာမှာ အင်းတော်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆီးကြိုတိုက်ခိုက်လို့ ဗန်းမောက်သို့ ရှေ့မဆက်နိုင်ဘဲ အင်းတော်ထဲမှာ ပိတ်မိနေတယ်လို့ အင်းတော်ဒေသ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ဧပြီလအတွင်းမှာ ဗန်းမောက်မြို့နယ်၊ အနောက်ဘက် ဆိတ်စခူမှော်အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးခဲ့တဲ့ SNA တပ်သား ၆ ဦးရဲ့ အလောင်းကို မေလ ၅ ရက်မှာ နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန် ပုပ်ပွဆွေးမြေ့နေကြတဲ့ အရိုးစုတွေအဖြစ်နဲ့ ဗန်းမောက် PDF တွေက တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။