စစ်အုပ်စုက အမျိုးသား ၂ ဦးကိုဖမ်းဆီးသတ်ခဲ့ပြီး ဒေသခံ ၁၅ ဦးကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီး

0 1
0 1

စစ်ကိုင်း၊ မေ ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက အမျိုးသား ၂ ဦးကိုဖမ်းဆီးသတ်ခဲ့ပြီး ဒေသခံ ၁၅ ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၃ ရက်မနေ့က မနက် ၁၀ နာရီလောက်က အင်အား ၇၀ နဲ့စစ်ကြောင်းဝင်လာပြီး တပ်သားအချို့က လှတောကျေးရွာထိပ်မှာ ဆိုင်ကယ်စီးအမျိုးသား ၂ ဦးကို စစ်ဆေးချိန် ဆိုင်ကယ်ဘောက်အတွင်း မိုင်းတွေ့လို့ဆိုကာ ဖမ်းဆီးသွားပြီးနောက် လှတောရွာအနီးက တောစပ်တနေရာမှာ သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။

“ဆုံးသွားတဲ့အမျိုးသား ၂ ဦးက ရွှေဘိုကနေ ပြန်လာပုံပေါက်တယ်။ သူတို့ပြန်လာတဲ့အချိန် စစ်ကြောင်းနဲ့တိုးတယ်။ အဲ့ဒီကနေစစ်တော့ ဆိုင်ကယ်ဘောက်ထဲက မိုင်းကိုတွေ့သွားတော့ ခွေးတွေကိုချည်တဲ့ သံကြိုးတွေနဲ့ လည်ပင်းနဲ့ လက်တွေကိုချည်သွားတယ်။ တောထဲရောက်တော့ တယောက်ကိုတော့ နဖူးနဲ့ရင်ဘတ်ကို ပစ်သတ်သွားတယ်။ ကျန်တယောက်ကိုတော့ မျက်လုံးနဲ့ ခေါင်းကို ပစ်သတ်သွားတယ်” လို့ လှတော ပကဖ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၆၀ နှစ်အရွယ်နဲ့ ၂၀ နှစ်အရွယ်ဖြစ်ပြီး၊ သူတို့ကို သတ်ခဲ့တဲ့နေရာအနီးမှာ မှတ်ပုံတင်တခုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“သေဆုံးသွားတဲ့အမျိုးသား ၂ ဦးထဲမှာ တဦးရဲ့မှတ်ပုံတင်ကို ပြန်ရတယ်။ အဲဒီမှာရေးထားတာက မန္တလေး၊ ချမ်းမြသာစည်မှာနေထိုင်တယ်တဲ့၊ အသက် ၆၃ နှစ်အရွယ်ရှိတယ်။ နာမည်က ဦးအောင်မြင့်တဲ့၊ နောက်ထပ်ကောင်လေးတယောက်ကတော့ ဘယ်ကလဲမသိပါဘူး” လို့ အထက်ပါ ပကဖ တာ၀န်ရှိသူက ဆက်ပြောပါတယ်။

ဒါ့ကြောင့် သူတို့တွေဟာ မန္တလေးနယ်ဘက်က ဖြစ်နိုင်တယ်လို့ ယူဆထားကာ အသေးစိတ် အချက်အလက်တွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် လှတောကျေးရွာကဖမ်ဆီးသွားတဲ့ ဒေသခံပြည်သူ ၁၅ ဦးလည်း အခုချိန်ထိ နေအိမ် ပြန်လည်ရောက်ရှိခြင်းမရှိသေးသလို ဘယ်ကိုခေါ်ဆောင်သွားလဲဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီသတ်ခံလိုက်ရတဲ့ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းကိုတော့ လှတော ပကဖ တပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် မနေ့ကညနေ ၃ နာရီလောက်ကတွေ့ရှိပြီး နေ့ချင်းပဲ မီးရှို့သဂြိုဟ်ပေးလိုက်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။