ပေါင်းတည်က ဖမ်းဆီးခံထားရသူတဦးကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်

0 1
0 1

ပဲခူး၊ မေ ၂၂၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါင်းတည်မြို့က အမျိုးသားတဦးကို စစ်ကောင်စီက ၁၅ ရက်ကြာ ဖမ်းဆီးထားပြီးနောက် မေလ ၂၁ ရက်မနေ့က ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခဲ့တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့ ၁၄ လမ်းမှာနေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ကိုဝေလင်းထွန်းကို ပြီးခဲ့တဲ့မေလ ၅ ရက်ညနေက နေအိမ်ကနေ ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

“စစ်ဆေးနေတုန်းကတော့ သူ့ဖုန်းထဲကသံသယဖြစ်စရာမတွေ့ဘူး။ မတွေ့လို့ တညပဲထုပြီး ချုပ်ထားလိုက်တာ မနေ့ (မေ ၂၁) ကမှ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်လိုက်တယ်။ လက်ရှိတော့ပေါင်းတည်ရဲစခန်းအချုပ်ထဲမှာပဲ ရှိသေးတယ်။ ထောင်ကိုမရွှေ့သေးဘူး” လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ကိုဝေလင်းထွန်းကို စစ်ဆေးချိန် အမှုဖွင့်ဖို့ခိုင်လုံတဲ့သက်သေခံ အထောက်အထား ရှာမတွေ့တာကြောင့် ရဲကအမှုဖွင့်ဖို့ခက်ခဲနေချိန်မှာ စစ်တပ်ဘက်က ဖိအားပေးအမှုဖွင့်ခိုင်းတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

“ဖမ်းခံထိပြီးသားကို သူ့အကောင့်က မီးစိမ်းနေပြီး မက်ဆင်ဂျာကနေ လာပြီးစာပို့တာရှိတယ်။ ကိုမြင့်ထွန်း အဖမ်းခံရတုန်းကလည်း ကိုမြင့်ထွန်းရဲ့မက်စင်ဂျာကနေစာပို့တာကြုံဘူးတယ်။ ဘယ်သူသုံးတယ်ဆိုတာတော့ မသိဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံပြီးနောက်တနေ့မှာ ကိုဝေလင်းထွန်းရဲ့ Wai Lin Htun မက်စင်ဂျာကနေ သူရဲ့မိတ်ဆွေတချို့ထံ လိုက်လံစာပို့တာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မြို့ခံနောက်တဦးကလည်း “ဝေလင်းထွန်းက ဘာမှလုပ်တာမျိုးတော့မရှိဘူး။ သူ့အကောင့်ကနေ ဆန္ဒပြသတင်းတွေ တင်တာတော့ရှိတယ်။ အာဏာသိမ်းပြီးချိန်ကလည်း ဘယ်မှမသွားဘူး။ မြို့ပေါ်ကဖြစ်တဲ့ ကိစ္စတောင်အချို့ကိစ္စတွေ သူမသိဘူး။ ရည်ရွယ်ချက်တခုနဲ့ အမှုဆင်ဖမ်းတာဖြစ်မယ်။ အဓိကက ပိုက်ဆံမပေးနိုင်လို့ အမှုဖွင့်ခံလိုက်ရတာ” လို့ မြို့ခံတဦးက ခန့်မှန်းပြောဆိုပါတယ်။

ပေါင်းတည်မှာ စစ်ကောင်စီက မကြာခဏဖမ်းဆီးမှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်ကဖမ်းဆီးခံခဲ့ရတဲ့ ပေါင်းတည်မြို့နယ် NLD အလုပ်အမှုဆောင် ကိုမြင့်ထွန်းဟာ တပါတ်အကြာ စစ်ကြောရေးမှာ သေဆုံးခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးချိန်ကနေ အခုနှစ်မေလ ၁၉ ရက်အထိ နိုင်ငံတဝှမ်း စစ်ကောင်စီကဖမ်းဆီးခဲ့သူ ၂၂၅၃၁ ဦးရှိပြီး အဲဒီအထဲက ၁၈၂၁၈ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၅၉၉၀ ဦး ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။