ဆင်ဖြူကျွန်းမှာ မုန်တိုင်းကြောင့်သေဆုံးသူ ၄ ဦးအထိရှိလာ

0 2
0 2

မကွေး၊ မေ ၂၀၊ ၂၀၂၃။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ မိုခါမုန်တိုင်းကြောင့် ရေနောက်မျောပါသေဆုံးသူ အမျိုးသားတဦးရဲ့အလောင်းကို ထပ်မံတွေ့ရှိခဲ့တာကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာနေတယ်လို့ ဒေသခံတဦးဆီက ရပါတယ်။

ဆင်ဖြူကျွန်းမြို့၊ စွန်းကျွန်းညိုကျေးရွာက အသက် ၃၄ နှစ်အရွယ် ကိုကျော်လင်းရွှေရဲ့အလောင်းကို မေလ ၁၇ ရက်နေ့လယ်က စွန်းကျွန်းညိုအုပ်စု၊ ဘိုတဲကုန်းရွာဟောင်းရပ်ရဲ့အရှေ့မြောက်ဘက် မဟာမြိုင်ကွင်းထဲမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“အလောင်းက နေပူလိုက် မိုးရွာလိုက်နဲ့ ရက်ကလည်းကြာတော့ သယ်ဖို့ကလည်း ခက်ခဲလို့ တွေ့တဲ့နေရာမှာပဲသေချာမီးသဂြိုဟ်ပြီး ပြာကိုရေမျောပေးခဲ့ပါတယ်။ ကိုကျော်လင်းရွှေအပါအဝင် မုန်တိုင်းကြောင့် ဆင်ဖြူကျွန်းမှာရေမျောသေဆုံးတာ ၄ ဦးရှိပြီ” လို့ မြို့ခံတဦးက ပြောပါတယ်။

ကိုကျော်လင်းရွှေဟာ မေလ ၁၄ ရက်ညနေက ရေကြီးနေခိုက် မြောက်ရှားတောရွာမှာ မြက်ရိတ်နေရင်း ရေစီးထဲမျောပါပျောက်ဆုံးခဲ့တာလို့ သူကဆက်ပြောပါတယ်။

အလားတူ ဆင်ဖြူကျွန်းမြို့က အသက် ၇၀ နှစ်အရွယ် ဒေါ်အေးသန်း၊ သမီးဖြစ်သူ အသက် ၄၄ နှစ်အရွယ် မယဥ်မင်းစိုးနဲ့ နွယ်တမယ်ရွာသား အသက် ၂၂ နှစ်အရွယ် ကိုရှိန်းတို့လည်း အဲဒီ (မေလ ၁၄ ရက်) ညနေကပဲ ရေနောက်မျောပါသေဆုံးခဲ့ရာ မေလ ၁၅ ရက်မှ နေရာအသီးသီးကနေတွေ့ရှိပြီး သင်္ဂြိုဟ်ပြီးစီးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် စလင်းမြို့ခံတဦးရဲ့ လူမူကွန်ယက်စာမျက်နှာမှာလည်း မိုခါမုန်တိုင်းကြောင့် စလင်းမြို့နယ်၊ ငါးသန်ခေါင်းအုပ်စု၊ ဂွေးကုန်းရွာက ကိုသာဓုနဲ့ကိုမျိုးအောင်တို့ညီအကို ၂ ဦးအပြင် ထနောင်းကုန်းရွာက အသက် ၄၅ နှစ်အရွယ် ဦးကြည်ဝင်း (လက်ရှိမြင်တင်ရပ်ကွက်နေထိုင်သူ) တို့လည်း ရေနောက်မျောပါ ပျောက်ဆုံးခဲ့ပြီး ကိုမျိုးအောင်ရဲ့အလောင်းကိုတော့ သင်္ဂြိုဟ်ပြီးစီးခဲ့တယ်လို့ ဖော်ပြထားခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။