အလုပ်အကြောင်းပြပြီး စစ်မှုထမ်းစုဆောင်းခံရတဲ့ အထက်တန်းကျောင်းသား ၂ ဦး ပြန်လွှတ်လာ

0 13
0 13

ပေါက်ခေါင်း၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အနောက်ကြို့ကုန်းရွာအထက်တန်းကျောင်းမှာ Grade-9 တက်နေတဲ့ ကျောင်းသား ၂ ဦး အွန်လိုင်းကနေအလုပ်ရမယ်ဆိုပြီးခေါ်ရာက စစ်မှုထမ်းစုဆောင်းခံရပြီးနောက် ၃ ရက်အကြာမှာ ပြန်လွတ်လာတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီခန့်မှာ ပြည်ကားကြီးဝင်းမှာ လိုင်းကားနဲ့ပြန်ရောက်လာတာကြောင့် မိသားစုတွေကသွားရောက်ခေါ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“လမ်းမှာတင် လူချိန်းခေါ်သွားတာ။ သူတို့ကိုခေါ်သွားတာက ကပစ ၁၉ က စစ်သားတွေက ခေါ်ပြီးတော့ ပြည်၊ မြဝတီဘဏ်အနီးကို ပို့ပေးခဲ့တယ်။ အဲ့ကနေ ကပစ ၁၆ က စစ်သားတွေက လာခေါ်သွားတယ်။ သတင်းတွေတက်လာတော့ ကပစ ၁၆ က ဗိုလ်က မိသားစုဆီဆက်သွယ်ပြီး ကလေးတွေကိုလိုင်းကားနဲ့ပြန်တင်ပေးလိုက်တာ”လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အွန်လိုင်းပေါ်ကနေ ကျောင်းသား ၂ ဦးကိုအလုပ်ရမယ်ဆိုပြီး လိမ်လည်ခေါ်ယူသူတွေက ကပစ ၁၉ ကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလို့သိရကြောင်း သူကဆိုပါတယ်။

စစ်မှုထမ်းစုဆောင်းခံရသူတွေဟာ ဒန်းတောင်ရွာနဲ့ ကန်သာယာရွာက အသက် ၁၆ နှစ်အရွယ် မောင်တင်မျိုးအောင်နဲ့ မောင်သော်ဇင်ဖြိုးဆိုသူဖြစ်ပြီး အွန်လိုင်းကနေ ခင်မင်သူတဦးက အလုပ်ပေးမယ်ဆိုတာကြောင့် ဒီဇင်ဘာ ၁၈ ရက်မှာ ကျောင်းသွားမယ်ဆိုပြီး နေအိမ်ကနေ ထွက်သွားကြရာမှ စစ်မှုထမ်းစုဆောင်းခေါ်ဆောင်တာကိုခံလိုက်ရတာပါ။

ဒီဇင်ဘာ ၁၉ ရက်မှာ သူတို့ ၂ ဦးဟာ ကပစ ၁၆ လို့ ယူဆရတဲ့ တပ်မှာ စစ်သားစုဆောင်းခံထားရကြောင်းကို သူငယ်ချင်းတွေကိုပြောပြတာကြောင့် သူငယ်ချင်းတွေက မိသားစုတွေကိုပြန်လည်ပြောပြချက်အရ မိသားစုဝင်တွေသိရှိခဲ့ရတာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။