မြိုင်၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ရွာကို စစ်ကော်မရှင်ဘက်က ဂျိုင်ရိုကော်ပတာပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီ ၂၀ မိနစ်လောက်မှာ ဘုန်းကြီးကန်ရွာကို ဂျိုင်ရိုကော်ပတာ ၂ ပေါ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၀ အရွယ်အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၇၀ အရွယ် အဘိုး၊ အဘွား ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့ဒီရွာမှာက တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘူး၊ ဂျိုက်ရိုကော်ပတာ ၂ စီးနဲ့ ပစ်သွားတာ၊ ၁၂၀ မမနဲ့ ၂ လုံး ပစ်သွားတာ၊ နေအိမ် ၃ လုံး ပျက်စီးတယ်၊ နွား ၁ ကောင်သေတယ်၊ အမျိုးသမီး ၁ ဦးသေတယ်။ အဘိုး၊ အဘွား ၂ ဦးဒဏ်ရာရတယ်။ ဒေသခံတွေကတော့ ရွာထဲမှာ အိပ်ကြမယ်မထင်ဘူး၊ တောထဲမှာ အိပ်ကြလောက်တယ်။” လို့ မြိုင်မြို့ခံတဦးက ပြောပါတယ်။


ဘုန်းကြီးကန်ရွာဟာ အိမ်ခြေ ၆၀၀ နဲ့ လူဦးရေ ၁,၀၀၀ ကျော်ရှိတဲ့ကျေးရွာတရွာဖြစ်ပြီး ခုလို လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေလည်းကြောက်လန့်ပြီး တောထဲကိုထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း မြိုင်မြို့နယ်၊ ကန်ကြီးကုန်းရွာကို မကွေးလေတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာပေါ်ကနေ ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း – လင်း