မြေလတ်အသံ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၅။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့-ပလဖ က ဖမ်းဆီးထားတဲ့ မင်းကင်းမြို့နယ် CDM ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သူသူလွင် ရေဦးမြို့နယ်တရားရုံးမှာ ရွှေ့ပြောင်းစစ်ဆေးခံနေရတယ်လို့ နီးစပ်သူတဦးထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်က မင်းကင်းမြို့နယ်၊ သင်တောရွာဆေးခန်းမှာ ရှိနေချိန် မြို့နယ်ပလဖ တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ကနဦးက မင်းကင်းမြို့နယ်ပလဖရုံးမှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းစစ်ဆေးနေတာကနေ လက်ရှိမှာ ရေဦးမြို့နယ်မှာ ပြောင်းရွှေ့စစ်ဆေးနေတာလို့ ဆိုပါတယ်။
“အခုကတော့ ငွေကြေးကိစ္စကို စစ်နေတာပါ။ ဆရာမကြီးကတော့ ရေဦးမြို့နယ် ပလဖရုံးမှာ စစ်နေပါတယ်။” လို့ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာ ခင်သူသူလွင်နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒေါက်တာခင်သူသူလွင်ကို လုပ်ငန်းဆိုင်ရာ စာရင်းဇယားတွေ၊ ရုံးသုံးလုပ်ငန်းတွေနဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်တွေ လွှဲပြောင်းပေးဖို့ ပျက်ကွက်မှုအပါအဝင် ငှါးရမ်းထားတဲ့ လက်နက်ပြန်လည်အပ်နှံရန် ပျက်ကွက်မှုတွေနဲ့ မင်းကင်းမြို့နယ်ပကဖရဲ့တိုင်ကြားချက်အရ ဖမ်းဆီးခဲ့တာလို့ ဒီဇင်ဘာ ၁ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ထုတ်ပြန်ပါတယ်။
လူမှုကွန်ယက်မှာပျံ့နှံ့လာခဲ့တဲ့ ဒေါက်တာ ခင်သူသူလွင် ကို မင်းကင်းမြို့နယ်ပလဖတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးစဥ်ရုပ်သံဖိုင်အပေါ် အင်အားသုံးဖမ်းဆီးတာ၊ အမျိုးသမီးပလဖတပ်ဖွဲ့ဝင်မပါဝင်ဘဲ ဖမ်းဆီးတာတွေကြောင့်ဆိုကာ အများပြည်သူအကြား ဝေဖန်မှုတွေမြင့်တက်ခဲ့တာပါ။
ဖမ်းဆီးမှုအပြီး ဒီဇင်ဘာ ၁၄ ရက်မှာတော့ ဒေါ်ခင်သူသူလွင်ကို ရေဦးမြို့နယ်တရားရုံးကို လွှဲပြောင်းကာ ငွေကြေးဆိုင်ရာကိစ္စရပ်တွေအတွက် စစ်ဆေးမှုတွေလုပ်နေတယ်လို့ သူနဲ့နီးစပ်သူက ပြောပါတယ်။
“မင်းကင်း ပလဖရုံးမှာကတော့ အကျယ်ချုပ်ပါ။ အခုကတော့ ကျွန်တော်တို့လည်း မသိရသေးပါဘူး။ (မင်းကင်းမှာ)ကျနော်တို့ သွားတာကတော့ တွေ့ရပါတယ်” လို့ သူက ဆိုပါတယ်။
မင်းကင်းမြို့နယ် ပလဖထံမှာ ဒေါက်တာခင်သူသူလွင်ကို အကျယ်ချုပ်ထိန်းသိမ်းထားခဲ့ပြီး နီးစပ်သူတွေနဲ့တွေ့ခွင့်ပေးခဲ့ပေမယ့် လက်ရှိ ရေဦးမြို့နယ်တရားရုံးက အခြေအနေတွေကိုတော့မသိရသေးဘူး အထက်ပါနီးစပ်သူက ဆက်ပြောပါတယ်။
လက်ရှိမှာ ဒေါက်တာ ခင်သူသူလွင် ဆေးကုသပေးနေတဲ့ ကျေးလက်ဆေးခန်းမှာ လက်ထောက်ဆရာဝန်တွေနဲ့ လွှဲပြောင်းထားရပြီး လုံခြုံရေးအခြေအနေတွေကြောင့် ကုသမှုလုပ်ဆောင်တဲ့နေရာကို ရွှေ့ပြောင်းထားရတယ်လို့ မင်းကင်းဒေသခံတဦးကလည်း ပြောပါတယ်။
“မွေးလူနာတွေ အပ်ထားတာကတော့ ရှိပါတယ်။ ခွဲမွေးမယ့် လူနာတွေရော ရှိပါတယ်။ ခုလောဆယ်ကတော့ ဆရာမကြီးရဲ့ လက်ထောက်ဆီမှာ အပ်ထားတာပါ” လို့ ဆိုပါတယ်။
ဒေါက်တာ ခင်သူသူလွင်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့အခြေအနေ၊ အမှုဖွင့်လှစ်စစ်ဆေးနေတဲ့ ပုဒ်မတွေရဲ့ အသေးစိတ်အခြေအနေတွေနဲ့ပတ်သက်လို့ မင်းကင်းမြို့နယ်ပလဖထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
ဒေါက်တာ ခင်သူသူလွင်ဟာ CDM မင်းကင်းမြို့နယ် ဆေးရုံအုပ်ကြီးတဦးဖြစ်သလို မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတဦးလည်းဖြစ်ကာ လက်ရှိမှာ ဒေသတွင်းက ဒေသခံတွေနဲ့ စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ