ပဲခူး၊ မေ ၁၅၊ ၂၀၂၃။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းမှာ မေလ ၁၄ ရက် မနေ့ကညနေ ၄ နာရီဝန်းကျင်မှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းလို့ လူနေအိမ်အပါအဝင် အဆောက်အဦ ၅၉ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
မိုးသည်းပြီး လေပြင်းကြောင့် ငါးဖယ်အင်းကျေးရွာနဲ့ နတ်စင်ကုန်းကျေးရွာက စာသင်ကျောင်း၊ လူနေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
“မိုးကအရင်ရွာပြီးမှ လေကတိုက်လာတာ။ လေက တချက်တချက်ဝေ့ပြီးတိုက်တာဆိုတော့ အိမ်တွေက အမိုးလန်တာတွေများတယ်။ အိမ်ပြိုကျတာတွေလဲရှိတယ်။ နတ်စင်ကုန်းဘက်မှာတော့ ကလေး တယောက်ထိခိုက်တာရှိတယ်။ သစ်ကိုင်းကျိုးကျချိန် သစ်ကိုင်းရိုက်မိတာ”လို့ ပြောပါတယ်။



လေပြင်းတိုက်ခတ်မှုကြောင့် နတ်စင်ကုန်းကျေးရွာက နေအိမ် ၁၇ လုံး၊ သုသာန်ဂိုထောင် ၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ ငါးဖယ်အင်းကျေးရွာက လူနေအိမ် ၄၀ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တောင်ငူမြို့ပေါ်ရပ်ကွက်အချို့မှာ သစ်ပင်ကြီးတွေလဲကျတာတွေရှိခဲ့ပြီး နေအိမ်ပျက်စီးတာတွေ မရှိဘူးလို့ ဆိုပါတယ်။
ထိခိုက်ပျက်စီးမှုရှိတဲ့ နေအိမ်တွေမှ ပြည်သူတွေကတော့ ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်နေထိုင်တာနဲ့ လတ်တလောမပြင်နိုင်သေးသူတွေက နီးစပ်ရာနေအိမ်တွေမှာ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ သိရပါတယ်။
စာတည်း- ရင်ငြိမ်း